နိုင်ငံရေးခေါင်းဆောင်တွေ ညီညွတ်ကြရန် သီတဂူဆရာတော် မိန့်ကြား
2011.06.18

ရန်ကုန်မြို့မှာ ဖွင့်လှစ်တဲ့ သီတဂူ ဗုဒ္ဓသာသနာ တက္ကသိုလ် ဖွင့်ပွဲမှာ ဆရာတော်က အဲဒီလို မိန့်ကြားခဲ့တာလို့ ကိုယ်တိုင် တရားနာယူခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ- မြန်မာ DPM ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။
“ဆရာတော်ကြီးက သူ့အနေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ သက်စွန့်ကြိုးပမ်း လုပ်နေတဲ့သူ အကုန်လုံးကို လေးစားတယ်.. တဲ့။ အဲဒီလူတွေ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှ မြန်မာနိုင်ငံက ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာ … တဲ့။ အားလုံးလက်တွဲ ဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့၊ ငြိမ်းချမ်းဖို့ ပြောပါတယ်။ ဒါနပါရမီ ဆိုရင် လူတွေက အလှူပေးတယ် ဆိုတာလောက်ပဲ သိကြတယ်။ အမှန်တော့ အလှူပေးတာ တခုတည်း မဟုတ်ဘူး၊ Sharing ဝေငှ တာ။ ဝေငှ တယ်ဆိုတဲ့နေရာမှာ အာဏာ ဆိုရင်လည်း Power Sharing ၊ အဲဒါမျိုးလည်း ပါတယ်ဆိုပြီး ဆရာတော်ကြီးက အရိပ်အမြွက် ပြောပါတယ်။ နိုင်ငံရေးသဘော တိတိကျကျ ကွက်ကွက်ကွင်းကွင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တက်ရောက်လာတဲ့ လူတွေကလည်း အကုန်လုံးက သဘောပေါက်ကြပါတယ်”
ဆရာတော် အရှင် ဉာဏိဿရ ရဲ့ ဒီကနေ့ မနက်ပိုင်းက တရားပွဲကို ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးပါတီ အသီးသီးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း စုစုပေါင်း တရာကျော် တက်ရောက် တရားနာယူကြတယ်လို့ သိရပါတယ်။
တက္ကသိုလ်ဖွင့်ပွဲ စတင်တဲ့ မနေ့ကလည်း ဆရာတော် အရှင်ဉာဏိဿရ က အခမ်းအနား တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အားလုံးနဲ့ ညီညွတ်ရေး တည်ဆောက်ကြဖို့ ဟောကြားခဲ့တယ်လို့ သိရပါတယ်။