စာရာမေတိတောင်ကို သွားတဲ့အဖွဲ့ကို ဒေသခံတွေ ကန့်ကွက်


2018.02.06
sirameti-mountain-622.jpg စာရာမေတိတောင်ကို တွေ့ရစဉ်
Photo: elevation.maplogs.com

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာရာမေတိတောင်အနီးကို သွားရောက်ခဲ့တဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းအစိုးရတာဝန်ရှိသူတချို့ကို မသော်ရီကျေးရွာအနီးမှာ ဆက်မသွားဖို့ ဒေသခံတွေက မနေ့က တားဆီးကန့်ကွက်ခဲ့ကြပါတယ်။

နန်းသလက်ချောင်းမှာ ဒေသခံတွေက သွားရောက်တားဆီးကြတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက ရွာအထိတော့သွားလိုကြောင်းပြောတာကြောင့် ဒေသခံတွေက မသော်ရီရွာအထိ သွားခွင့်ပြုလိုက်ကြတယ်လို့ မကူရီနာဂလူငယ်များအစည်းအရုံး ဥက္ကဌ မဆန်းစစ်ရှီး က ပြောပါတယ်။

"ရွာက မသော်ရီကျေးရွာ တားတာကျတော့ နန်းသလက်ချောင်းဆိုတာ အဲဒီရွာမရောက်ခင် ကြိုးတံတား နဲ့ ဖြတ်ရတဲ့ ချောင်းကြီးရှိတယ်၊ အဲဒီချောင်းမှာသွားပြီးတော့မှတွေ့တာ၊ အဲဒီချောင်းကိုလည်း ကျော်ခွင့် မပေးဘူး၊ ရွာသားတွေ အဲမှာသွားတွေ့တယ်၊ သူတို့ကလည်း အဲဒီဘက်ကိုတော့ ဆက်မသွားပါဘူး၊ ရွာကိုတော့ ရောက်ခွင့်ပေးပါ၊ ရွာထိတော့မတားပါနဲ့ဆိုပြီးတော့ သူတို့ဘက်ကတောင်းဆိုတာနဲ့ နောက်ဆုံး ရွာသားတွေ ကလည်း ရွာအထိကိုတော့ ခွင့်ပြုလိုက်တာပေါ့"

ဒီနေ့မနက်ပိုင်းမှာတော့ လေရှီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်း ကလွဲပြီး ကျန်တဲ့အဖွဲ့တွေက ရွာကနေပြန်ထွက်သွားပြီဖြစ်တယ်လို့ မဆန်းစစ်ရှီး က ပြောပါတယ်။

တိုင်းအစိုးရအနေနဲ့ စာရာမေတိဒေသကို အမျိုးသားဥယျာဉ် အကောင်အထည်ဖော်ဖို့ စီစဉ်နေတာကို ဒေသခံတွေ က ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် ကြိုးပြင်ကာကွယ်တောအဖြစ်သာ သတ်မှတ်ဖို့ဆိုပြီး ပြောင်းလဲဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း မဆန်းစစ်ရှီး က ပြောပါတယ်။

စာရာမေတိဒေသဟာ မကူရီလူမျိုးတွေရဲ့ ရိုးရာကိုးကွယ်ယုံကြည်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် ကိုးကွယ်ယုံကြည်မှုတွေ ပျောက်ပျက်သွားမှာ စိုးရိမ်တဲ့အတွက် ကန့်ကွက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။