စဉ့်ကိုင် လွှတ်တော်ကိုယ်စားလှယ်က တောင်းပန်
2017.10.27

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ နေရာချထားမှုနဲ့ ပတ်သက်ပြီး အများဝေဖန်စရာဖြစ်ခဲ့တဲ့အတွက် တာဝန်ယူဆောင်ရွက်သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က တောင်းပန်လိုက်ပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ ကိုရင်ငယ်လေးတွေက အောက်မှာ ထိုင်နေကြပြီး ဘာသာခြားတချို့က ကုလားထိုင်မှာ ထိုင်နေတဲ့ ဓာတ်ပုံတချို့ အင်တာနက်လူမှုကွန်ယက် စာမျက် နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ မြို့နယ် သံဃာနာယကဆရာတော်ကြီးတွေ စိတ်ညှိုးနွမ်းစေခဲ့တဲ့အတွက် တောင်းပန် ခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။
"သတင်းစာရှင်းလင်းပွဲမှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမတစ်ပိုင်းက ဆုတောင်းပွဲရဲ့ ဖြစ်ရပ်မှန် အခြေအနေတွေကို သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ ဒုတိယတစ်ပိုင်းကတော့ စဉ့်ကိုင်မြို့နယ်က သံဃနာယကဆရာတော်ကြီးတွေ စိတ်ကို ညှိုးငယ်စေတဲ့ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့လာတယ်၊ အဲဒီအတွက် ကျနော်တို့မှာ လိုအပ်ချက်ရှိတယ်၊ အဲဒီလိုအပ်ချက်အတွက် မြို့နယ်သံဃနာယက ဆရာတော်ဘုရားကြီးများကို တောင်းပန်တယ်"
အဲဒီအတွက် ဒီကနေ့ စဉ့်ကိုင်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး မြို့နယ်သံဃ မဟာနာယကအဖွဲ့ကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က ဘာသာပေါင်းစုံဆုတောင်းပွဲအတွက် မြို့နယ်သံဃာနာယက ဦးဆောင်ဆရာတော် ၅ ပါး၊ အစ္စလာမ် ဘာသာဝင် မော်လဝီ ၅ ဦး၊ ခရစ်ယာန်ဘာသာအတွက် ၅ ဦး ကိုဖိတ်ကြားခဲ့ပြီး စုစုပေါင်း ၁၅ ခုံစီစဉ်ထားခဲ့ တာဖြစ်ပါတယ်။ ပင့်ဖိတ်ထားတဲ့ထဲက ဆရာတော်တစ်ပါးက သူ့ကျောင်းက ကိုရင်ငယ်အပါး ၁၀၀ ကို စေလွှတ် လိုက်တဲ့ အတွက်ကြောင့် ခုံမလောက်မငှဖြစ်ခဲ့ရကြောင်း ကိုရင်လေးတွေအတွက် ထိုင်ခုံစီစဉ်ဖို့ အချိန်တစ်ခု ယူခဲ့ရပြီး ကိုရင်လေးတွေက ရှိတဲ့နေရာ မိုးကာပေါ်မှာ ထိုင်စောင့်နေတဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင်တွေ က ရောက်လာလို့ ထိုင်ခုံမှာ ထိုင်ခဲ့တာဖြစ်တယ်လို့ ဦးလှိုင်ဝင်း ကပြောပါတယ်။