အခြေခံဥပဒေ ပြင်ရေး ဆန္ဒပြခေါင်းဆောင် ၅ ဦး စဉ့်ကိုင်မှာ တရားစွဲ ခံရ
2014.04.29

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဦးဆောင်ဆန္ဒပြ ခဲ့သူ ၅ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု ပုဒ်မ ၁၉ တို့နဲ့ မနေ့က တရားစွဲလိုက်ပြီး မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
ဆန္ဒပြဖို့ ခွင့်ပြုပေးထားတဲ့ လမ်းကြောင်းအတိုင်း မသွား တာကို အဲ့ဒီအချိန်က တားမြစ်ခွင့်ရှိပေမဲ့ မလိုလားအပ် တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ မတားခဲ့ဘဲ တရားစွဲလိုက် တာဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး ဦးလှမြင့် က ပြောပါတယ်။
"၂၅ ရက်နေ့ နေ့လည်တစ်နာရီမှာ ခွင့်ပြုမိန့်ပေး ထားတယ်၊ ကျနော်တို့ ပေးထားတဲ့လမ်းကြောင်း မဟုတ်တဲ့ ပြင်ပလမ်းကြောင်းကနေသွားတော့ ကျနော်တို့ တားမြစ်ပိုင်ခွင့်တော့ရှိတယ်၊ တားမြစ်မယ် ဆိုရင် ရုန်းရင်းဆန်ခတ်တွေဖြစ်လာလို့ရှိရင် ပြည်သူတွေကြားထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာ စိုးလို့ မတားမြစ်ခဲ့ဘူး၊ သို့သော်လည်း နောက်ပိုင်းကျတဲ့အချိန်ကျမှ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ စီစဉ်ထားတာပဲရှိပါတယ်"
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခွင့်ကို မြို့နယ် ရဲစခန်းက ခွင့်ပြုပေးခဲ့ပေမဲ့ ခွင့်ပြုပေးတဲ့အချိန်နဲ့ နေရာအတိုင်း ဆန္ဒမပြဘဲ ခွင့်ပြုချိန်ထက်စောပြီး ဆန္ဒပြခဲ့တဲ့ အတွက် တရား မဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ခွင့်ပြုချက်နဲ့ မညီဘဲ ဆန္ဒပြမှု ပုဒ်မ ၁၉ တို့နဲ့ မြို့နယ်ရဲစခန်းမှူး ဦးထွန်းထွန်းနိုင်က တရားစွဲလိုက်တာပါ။
ဆန္ဒပြသူတွေ တင်ပြတဲ့လမ်းကြောင်းကို ရဲစခန်းက ခွင့်မပြုဘဲ ပြင်ဆင်ခွင့်ပြုတဲ့ လမ်းကြောင်းနဲ့အချိန်က ဆန္ဒပြသူတွေအတွက် အဆင်မပြေတဲ့အတွက် မူလတင်ပြထားတဲ့ လမ်းကြောင်းအတိုင်း ဆန္ဒပြလိုက်တာဖြစ်တယ်လို့ တရားစွဲခံရတဲ့ စဉ့်ကိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးကျော်ဝင်းက ပြောပါတယ်။
"လမ်းကြောင်းအနေနဲ့ ကျနော်တို့တင်ပြထားတဲ့ လမ်းကြောင်းကို ဆက်လက်လျှောက်ခြင်းဖြစ်ပါတယ်၊ ဒီလထဲမှာဆိုရင် မြန်မာနိုင်ငံမှာဆိုရင် အပူချိန်ဒီဂရီမြင့်မားနေပါတယ်၊ ရေဒီယိုထဲမှာလည်း ခရမ်း လွန်ရောင်ခြည်ကလည်း အင်မတန်တိုးပွားနေသေးတယ်၊ တကယ်လို့ သူတို့ခွင့်ပြုထားတဲ့အချိန်မှာ ဆန္ဒကိုဖော်ထုတ်မယ်ဆိုရင် မိမိရဲ့ဆန္ဒအလျောက်ရရှိလာတဲ့ ပြည်သူတွေဟာ ဒုက္ခလည်း အင်မတန်မှဖြစ်ကြပါမယ်"
ဒါ့အပြင် တရားစွဲခံရသူ ၅ ဦးဟာ အပြစ်မရှိဘူးလို့ ခံယူထားတဲ့အတွက် တရားရုံးက အာမခံပေးတာကို မယူခဲ့ဘူးလို့ လည်း သိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ရဲစခန်းမှူးမလာတဲ့အတွက် အမှုကိုမစစ်ဆေးလိုက်ဘူးလို့ သိရပါတယ်။
ဒီအတောအတွင်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခွင့်တွေကို မန္တလေးနဲ့ မကွေး တိုင်းမှာ ကန့်သက်တာတွေ၊ ခွင့်ပြုချက်မပေးတာတွေအပြင် တရားစွဲဆိုတာတွေပါ တော်တော်များများ ရှိလာတာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး ဥက္ကဌ တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။