သိမ်းဆည်းလယ်ယာဧက ၂သောင်းခွဲကျော် ပြန်ပေးရေး ဆင်ပေါင်ဝဲမှာ ဆန္ဒပြ


2014.07.25

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်မှာ လယ်ယာမြေဧက နှစ်သောင်း ငါးထောင်ကျော်လောက်ကို သစ်တောကြိုးဝိုင်းမြေအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့ ထောင်ဂဏန်းလောက်ရှိတဲ့ ဒေသခံ လယ်သမားတွေက ဒီနေ့ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ဆင်ပေါင်ဝဲမြို့နယ် အလုပ်အမှုဆောင်အဖဲ့ွဝင် ကိုသက်လှိုင်က အခုလိုပြောပါတယ်။

"လယ်ယာမြေဥပဒေ ထွက်ပြီးသွားတဲ့အခါမှာ လယ်ယာမြေမှတ်ပုံတင်ခွင့် ကျနော်တို့မရဘူး၊ ဒါကြောင့် လယ်သမားတွေ အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်၊ ပုံစံ ၁ တို့ ပုံစံ ၇ တို့မရဘူး၊ မရတဲ့အတွက် စိုက်ပျိုးစရိတ်ချေးငွေတွေလည်း မရဘူး၊ သူတို့ယာတွေထဲကို သစ်ပင်တွေဝင်စိုက်သွားတယ်၊ သီးနှံရောနှောစိုက်ခင်းတွေဟာ ပထမ ၁ နှစ်၊ ၂ နှစ်တော့ အတူတူစိုက်လို့ရသေးတယ်၊ နောက်ပိုင်းကျတော့ သူတို့စိုက်တဲ့အပင်တွေက လွှမ်းသွားတယ်၊ အဲဒီယာခင်းတွေကို တောင်သူတွေက လွှတ်ပေးလိုက်ရတယ်၊ ကြာလာလို့ရှိရင် လုပ်ကွက်တွေက ပျောက်သွားမယ့်သဘောရှိတယ်"

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘို၊ တနုန်းမြောင်၊ ကန်ချောင်းစတဲ့ ကျေးရွာ ၁၁ ရွာက လယ်ဧက ၅၀၀၀ ကျော်နဲ့ ယာဧက နှစ်သောင်းကျော်ကို ဗရုံသစ်တောကြိုးဝိုင်းမြေအဖြစ် သစ်တောဦးစီးဌာနက သတ်မှတ်ခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်က လယ်သမား ၁၅ဦးကို စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ ဒီနေ့ အင်္ဂပူမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က အမှတ် ၅ တပ်မတော် တန်းမြင့်သင်တန်းလေ့ကျင့်ရေးကျောင်းက တပ်ရိက္ခာဖူလုံရေးအတွက်ဆိုပြီး တောင်နီ၊ ဆွမ်းချက်အင်း၊ ကျီတော်ငူ၊ ဥယျာဉ်ကုန်း စတဲ့ကျေးရွာ ၇ ရွာက လယ်မြေနဲ့ ယာမြေဧက ၉ထောင်နီးပါးကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလယ်ယာမြေတွေမှာ ပြီးခဲ့တဲ့ ဇွန်လက ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေကို အမှတ် ၅ တပ်မတော် တန်းမြင့်သင်တန်း လေ့ကျင့်ရေးကျောင်းတာဝန်ရှိသူက တရားစွဲတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။