၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ် တိုင်းဒေသအဆင့် ဆွေးနွေးဆဲ


2013.04.04

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ်လတိုင်း ဒေသကြီးအစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေအတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်းနဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေလက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။

ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်းလက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။