မြန်မာလူငယ်နှစ်ဦးအမှုအတွက် လက်မှတ် သုံးသောင်းကျော် ထိုင်းသံရုံးကို ပေးအပ်


2016.01.11
thai-embassy-620.jpg ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရတဲ့အပေါ်  တရားမျှတမှုရှိရေး၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့ကြီး ၁၅ မြို့က လူဦးရေ ၃သောင်းကျော်က တောင်းဆိုထားတဲ့ လက်မှတ်တွေကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရဲမှူးကတဆင့် ထိုင်းသံရုံးထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။

အဲဒီလက်မှတ်တွေကို နိုင်ငံတော်သမ္မတရုံးနဲ့ ဗြိတိသျှသံရုံးတို့ထံလည်း ပေးအပ်မှာဖြစ်တယ်လို့ လက်မှတ်ကောက် ယူရာမှာပါဝင်ခဲ့တဲ့ အဖြူရောင်တွဲလက်များအဖွဲ့က ကိုသီဟမောင်မောင်က ပြောပါတယ်။

"ကိုယ်ထိလက်ရောက် ကျနော်တို့ ပေးခွင့်မရခဲ့ပါဘူးခင်ဗျ၊ သံရုံးကလူတွေက သူတို့ထွက်ယူလို့ မရဘူးပေါ့နော် ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအရ မြန်မာနိုင်ငံက လုံခြုံရေးတာဝန်ရှိသူတွေကတဆင့် ပေးပေးပါဆိုလို့ ကျနော်တို့ ရဲမှူး ဝင်းရွှေ ကတဆင့် ပေးလိုက်ပါတယ်၊ ကျနော်တို့ လက်မှတ်တွေကို မိတ္တူဆွဲထားတာရှိပါတယ်၊ မိတ္တူ ကိုတော့ နိုင်ငံတော်သမ္မတရုံးနဲ့ ဗြိတိသျှသံရုံးကို ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ ကလေး၊ နတ်တလင်း၊ အုတ်ဖို၊ ပဲခူး စတဲ့ မြို့နယ် ၁၅ မြို့နယ်မှာ ကောက်ယူထားတာဖြစ်ပါတယ်။

အဲဒီလက်မှတ်တွေကို ရန်ကုန်လူငယ်ကွန်ရက်၊ ပဲခူးလူငယ်ကွန်ရက်၊ Generation Wave ၊ အဖြူရောင်တွဲလက်များ၊ လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေးစင်တာ၊ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့ချုပ်တို့က ဦးဆောင်ပြီး မြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့တွေက ကောက်ခံပေးတာဖြစ်ပါတယ်။

ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဦးကို Koh Samuei ခရိုင်တရားရုံးက ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။