ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီမှာလည်း ဒီမိုကရေစီ လိုအပ်ကြောင်း သူရ ဦးရွှေမန်း ပြော
2015.10.31

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားမယ်ဆိုရင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီတွင်းမှာလည်း ဒီမိုကရေစီထွန်းကားဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့၊ ငါးထပ်ကြီးဘုရား ကိုးခန်းဓမ္မာရုံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ပါတီတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ခေါင်းဆောင်အပြောင်းအလဲဟာ ဒီမိုကရေစီမရှိလို့လားလို့ မေးမြန်းရာမှာ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ဆိုရင် ပြည်ခိုင်ဖြိုးပါတီအတွင်းမှာလည်း ဒီမိုကရေစီထွန်းကားသင့်တယ်၊ အဲလို ဒီမိုကရေစီ မထွန်းကားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီက ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုတာ ဖြစ်နိုင်စရာ အကြောင်း အများကြီးနည်းပါးပါတယ်"
ဒါ့ပြင် ပြီးခဲ့တဲ့နှစ်ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိတ်မကောင်းကြောင်းနဲ့ အဲဒီလိုလုပ်ရပ်မျိုးဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ သူရ ဦးရွှေမန်းက ပြော ခဲ့ပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဝါတောင်ကွင်းကျေးရွာမှာကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးပွဲမှာတော့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်အုန်းက စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို ကျင့်သုံးမှသာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးတင်အောင်ကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နိုင်ငံ တကာက အသိအမှတ်ပြု ချီးကျုးနေချိန်မှာ ပြည်တွင်းမှာ ပြောင်းလဲချိန်တန်ပြီလို့ ပြောဆိုနေကြသူတွေကို ဘာ ကိုပြောင်းချင်တာလဲဆိုတာ မေးခွန်းထုတ်လိုကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီက နောက်အစိုးရသက်တမ်းအတွက် ထမ်းဆောင်ခွင့်ရမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကို လိုအပ်ရင် လိုအပ်သလို ပြင်ဆင်ပေးရေးတို့ကို ဦးစီးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
သူရဦးရွှေမန်းရဲ့ မဲဆွယ်ဟောပြောပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က ပေးပို့ပြီး မခင်ပြည့်စုံ က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာလည်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးပွဲကို ငပလီကမ်းခြေအနီးက ဝါတောင်ကွင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထား ပါတယ်။