ပြင်ပစွက်ဖက်မှုတွေကို လက်ခံမှာမဟုတ်ကြောင်း NUCC သတိပေး
2024.08.17

အာဏာသိမ်းစစ်ကောင်စီက တရားမဝင်အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းမှုဟာ နိုင်ငံရဲ့အခြေအနေကို အလွန်အမင်း ရှုပ်ထွေးစေနိုင်တဲ့အတွက် စစ်ကောင်စီသာမက အားပေးထောက်ခံတဲ့ နိုင်ငံတွေ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက (NUCC) က သတိပေးလိုက်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးမှာ ဘယ်ပြင်ပစွက်ဖက်မှုကိုမှ လက်မခံဘဲ မိမိတို့ အနာဂတ်ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ် ဆောင်ရွက်ကြမယ့် အဖိနှိပ်ခံပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ်ကြောင့် နယ်မြေတွေဆုံးရှုံးနေတဲ့ စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရပ်ရွာနေအိမ်တွေကို မီးရှို့တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို တိုးမြှင့် ကျူးလွန်နေကြောင်း၊ မတရား စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းနေကြောင်း၊ ပြည်သူ့စစ်တွေ အတင်းအကျပ်ဖွဲ့ပြီး လက်နက်တပ်ဆင်ခြင်း၊ လူသားဒိုင်းသဖွယ် အသုံးချခြင်းတွေကြောင့် လူမျိုးရေးပဋိပက္ခတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှု လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်းတွေ၊ အဓိကသော့ချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးစီးဆင်းမှုတွေကို ထပ်မံပိတ်ဆို့ခြင်းဖြင့် စစ်ကောင်စီကို မဖြစ်မနေအရေးယူဆောင်ရွက်ဖို့ တာဝန်ရှိကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ အုပ်ချုပ်ရေးပျက်ပြားနေတဲ့ အခြေအနေကို လက်တွေ့ကျကျ အရှိအတိုင်း ရှုမြင်သုံးသပ်ပြီး ပြည်သူလူထုဘက်က ရပ်တည်ဆောက်ရွက်ဖို့လည်း NUCC က တိုက်တွန်းထားပါတယ်။