လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် အရပ်သားသုံးဦး သေဆုံး
2024.07.10

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၉) က ဘူတာရုံအနီးကို ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် လူငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦးနဲ့ ၉ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တာပါ။
ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသလို ဇူလိုင်လ ၁၀ ရက်နေ့ မွန်လွဲပိုင်းအထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်က ကျတာ နှစ်လုံးလောက် ရှိတယ်။ ကွတ်ခိုင်ဘက်ကိုသွားတဲ့ဘက်အခြမ်းက ကျလာတာပဲ။ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာတော့ မသိဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ ကလေးတစ်ယောက် ဆုံးသွားတယ်။ အခုထိလည်း တိုက်ပွဲကဖြစ်နေတော့ အိမ်ထဲမှာပဲ ပုန်းနေရတယ်။ အပြင်လည်း မထွက်ကြည့်ဖြစ်သေးတော့ အသေးစိတ်တော့ မသိသေးဘူး”
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လားရှိုးမြို့အတွင်းကျန်နေတဲ့ ဒေသခံတွေဟာ လုံခြုံနိုင်မယ်ထင်တဲ့နေရာတွေမှာ ပုန်းခိုနေရတယ်လို့ ဆိုပါတယ်။
MNDAA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်နေတဲ့ လားရှိုးမြို့တိုက်ပွဲမှာ လက်နက်ကြီး၊ ဒရုန်းဗုံးနဲ့ ရှော့တိုက်ဒုံးတွေကြောင့် အရပ်သား ၂၅ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ လေးဆယ်ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။