ရှမ်းပြည်နယ်နေ့ ရုံးပိတ်ရက် အဆိုရှုံးနိမ့်


2018.03.30
shan-parliament-622.jpg ရှမ်းပြည်နယ်လွှတ်ကို တွေ့ရစဉ်
Photo: Sailynn Myat

ရှမ်းပြည်နယ်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ အဆိုကိုဒီနေ့ ပြည်နယ်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်လိုက်တဲ့အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် ကပြောပါတယ်။

“ ၅၈၊ ၅၉ နဲ့ တမဲနဲ့ ကပ်ရှုံးသွားတယ်။ စစ်တပ်က ရှမ်းပြည်နယ်လွှတ်တော်ထဲမှာ ၃၄ ယောက်ရှိတယ်။ သူတို့ကိုတော့ ထားလိုက်။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေသည် ဘာကြောင့်ကန့်ကွက်သလဲ ဆိုတဲ့ဟာပေါ်မှာ ကျနော်တို့ဟာ မေးခွန်းထုတ်စရာရှိတယ်။ ဘာတွေ အကျိုးစီးပွားထိခိုက်လို့လဲ။ ဒါမှမဟုတ် ရှမ်းပြည်သားတစ်ယောက် မဟုတ်ဘူးလား။ ဒီနေ့ထူးနေ့မြတ်ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခိုင်းတာ ဘာအကြောင်းပြချက်နဲ့ ကန့်ကွက်သလဲဆိုတာ တွေးဆစရာရှိတယ်။ စဉ်းစားစရာ ရှိတယ်။”

အဲ့ဒီအဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မိုင်းကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ က မနေ့က တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာ ရှမ်း၊ဓနု၊ ပလောင်၊ အင်းသား အစရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ အဲဒီနေ့ကို ရုံးပိတ်ရက်အဖြစ် တရားဝင် မသတ်မှတ်ခဲ့ပေမယ့် ရုံးတွေပိတ်ခဲ့ကြောင်းနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ရုံးပိတ်တာမျိုး မရှိတော့ကြောင်း ဦးစိုင်းလင်းမြတ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။