ငါန်းဇွန်မြို့နယ် ရေဇင်းရွာ ဒေသခံ ခုနစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2022.12.27
ငါန်းဇွန်မြို့နယ် ရေဇင်းရွာ ဒေသခံ ခုနစ်ဦး သတ်ဖြတ်ခံရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရေဇင်းရွာက အရပ်သား ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေဇင်းရွာဒေသခံတွေက ဒီဇင်ဘာလ ၂၇ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းမှာ ရွာသားခုနစ်ဦး ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဒေသခံတွေက ပြန်တွေ့ခဲ့ရတာပါ။

သေဆုံးသူတွေက ၆၂ နှစ်အရွယ် ဦးစိန်မောင်မြင့်၊ အသက် ၅၀ အရွယ် ဦးစိန်အောင်၊ အသက် ၄၃ နှစ်အရွယ် ကိုကျော်တင်နဲ့ အသက် ၃၇ နှစ်အရွယ် ကိုဆွေလင်းအောင်၊ အသက် ၃၈ နှစ်အရွယ် ကိုမျိုးနိုင်၊ ကိုနိုင်ဝင်းဆွေနဲ့ ကိုသုခတို့ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ရေဇင်းရွာ အပြင်ဘက် မိကျောင်းတပ်ဆိုတဲ့နေရာမှာ ဦးစိန်မောင်မြင့်၊ ဦးစိန်အောင်၊ ကိုကျော်တင်နဲ့ ကိုဆွေလင်းအောင်တို့ရဲ့ ရုပ်အလောင်းတွေ ကို ပြန်တွေ့ခဲ့ရတာပါ။ ဒီဇင်ဘာ ၂၆ ရက် မနေ့က ညပိုင်းမှာတော့ ကိုမျိုးနိုင်၊ ကိုနိုင်ဝင်းဆွေနဲ့ ကိုသုခတို့ရဲ့ ရုပ်အလောင်းတွေကို ရေဇင်းရွာနဲ့ ခုနစ်မိုင်အကွာ ကုလရွာရဲ့ တောင်ဘက်မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဇင်းရွာမှာ စစ်တပ်သတင်းပေး ကိုဇင်မျိုးထက်ကို PDF တွေက ဒီဇင်ဘာ ၂၃ ရက်ညမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်က ရေဇင်းရွာက အရပ်သားတွေ ကို ပြန်လည်ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ရေဇင်းရွာခံတစ်ဦးက ပြောပါတယ်။

“အဓိကတော့ အဲဒီတစ်ယောက်သတ်ဖြတ်ခံရတာနဲ့ သက်ဆိုင်တယ်လို့ထင်တယ်။ သူသတ်ခံရပြီး နောက်ရက်မှာပဲ စစ်တပ်က ဘာမှမဆိုင်တဲ့လူတွေကို လာဖမ်းသွားတာ။ ရပ်ထဲရွာထဲမှာ NLD ကို ထောက်ခံအားပေးတာတို့၊ အရင်တုန်းက ဆန္ဒပြပွဲတွေမှာ ပါဖူးတာတို့ အဲဒီလိုလူမျိုးတွေကို လက်ညှိုးထိုးဖမ်းပြီးတော့လုပ်တာ။ အကြောက်တရား သွင်းတဲ့ ပုံစံမျိုးပေါ့”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က တယ်လီးဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂,၆၆၂ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။