ဒေးဒရဲက လူငယ်သုံးဦး ထောင်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ
2024.05.22
ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့မှာ လက်နက်တွေတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်သုံးဦးကို ဖျာပုံခရိုင်တရားရုံးကနေ မေလ ၁၆ ရက်နေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ကိုလှိုင်မျိုးကျော်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုစိုးမိုးနဲ့ ကိုငှက်ကလေးတို့ကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဒေးဒရဲမြို့နယ်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ လူခြောက်ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အဲဒီတုန်းက ဖမ်းဆီးစစ်ဆေးခံရတဲ့ ဒေးဒရဲမြို့နယ် ကျိတ်တောရွာက ကိုနိုင်မျိုးရွှေကိုတော့ လက်နက်တွေလိုက်ပြခိုင်းရာမှာ လက်နက်တွေမတွေ့လို့ဆိုပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေတစ်ဦးက ပြောပါတယ်။
"ကိုနိုင်မျိုးရွှေကတော့ သူတို့ဖမ်းပြီး ၁၁ ရက်ပဲကြာတယ်။ ကိုနိုင်မျိုးရွှေကို ပစ်ပြီးသတ်လိုက်တယ်။ အခုထောင်ချတဲ့သူတွေကတော့ ကိုလှိုင်မျိုးကျော်ပေါ့နော်။ ကိုလှိုင်မျိုးကျော်ကတော့ တစ်ကျွန်းချခံရတယ်။ ကျန်တဲ့သူတွေကတော့ ၁၅ နှစ်စီ အချခံခဲ့ရတယ်"
ကိုလှိုင်မျိုးကျော်ကိုတော့ ဒေးဒရဲမြို့မှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီသတင်းပေးလို့ စွပ်ခံရသူတစ်ဦး သတ်ဖြတ်ခံရမှုအတွက်ကိုပါအမှုတွဲထည့်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာလို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ဖျာပုံမြို့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲခံရတဲ့ ဒေသခံ ၁၄ ဦးထဲက ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် ခုနစ်ဦးကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ နှစ်သောင်းကျော် (၂၀,၄၇၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၀၀၅ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။