ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ကိုသန်းထိုက် တို့ကို ပြစ်ဒဏ် ၃ လ လျှော့ချ
2018.11.05

တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ကျခံနေရတဲ့ လက်ပံတန်း ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့အမှုကို အယူခံဝင်ရာမှာ ဒီနေ့ မင်းလှမြို့နယ် တရားရုံးက ပြစ်ဒဏ် ၃ လ လျှော့ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အယူခံဝင်ခဲ့တာဖြစ်ပြီး တရားရုံးက အယူခံကို တစ်စိတ်တစ်ဒေသ ခွင့်ပြုတာကြောင့် ပြစ်ဒဏ် ၃ လ လျော့သွားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က RFA ကို ပြောပါတယ်။
ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့ဟာ အကျဉ်းထောင်အတွင်း တစ်လနီးပါး ကျခံပြီးဖြစ်တဲ့အတွက် ပြစ်ဒဏ် နှစ်လသာ ကျန်ရှိပါတယ်။
ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတတဲ့အတွက် ဒေါ်ခင်ခင်ကျော်ရဲ့ ရှေ့နေလိုင်စင် မရုတ်သိမ်းဖို့ လာမယ့် အပတ်အတွင်း ပြင်ဆင်မှု ဆက်တက်သွားမယ်လို့ ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။
လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုမှာ တာဝန်ရှိတဲ့ ရဲမှူးတွေကို တရားစွဲဖို့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့ ၂၀၁၅ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းမှာ မြို့နယ် တရားသူကြီးနဲ့ အချေအတင် အငြင်းအခုံ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒါကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၈ နဲ့ သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားစွဲဆိုခဲ့တာပါ။
သူတို့နှစ်ဦးဟာ ရုံးချိန်းပေါင်း ၇၀ ကျော်နဲ့ ၃ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။