SSA မြောက်ပိုင်းနှင့် မြန်မာစစ်ခေါင်းဆောင်များ လျှိ့ဝှက် ဆွေးနွေး
2011.04.12

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အစိုးရဖက်က SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ ဆွေးနွေးလိုတယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ကြားခံ ဆောင်ရွက်ပေးခဲ့တာက ပြည်သူ့စစ် ဖွဲ့သွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်မဟာ ၇ က ခေါင်းဆောင်တွေ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။
SSA မြောက်ပိုင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကတည်းက မြန်မာအစိုးရတပ်တွေနဲ့ ကွန်ဟိုင်းနဲ့ တန့်ယန်းအကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အစိုးရတပ်တွေဟာ နန့်ပန်နဲ့ သံလွင်မြစ်ကြားက ဒေသတွေကို တပ်စွဲထားနိုင်ပြီ ဖြစ်တဲ့အတွက် UWSA နဲ့ SSA မြောက်ပိုင်း တပ်မဟာ ၁ တပ်တွေအကြား စစ်ရေးအရ ပိုင်းခြားထားနိုင်သလို ဖြစ်နေတယ်လို့ သိရပါတယ်။
SSA မြောက်ပိုင်း တပ်မဟာ (၁) ကို စစ်ရေးအရ ဆက်လက် ဖိအားပေးနေရင် SSA တောင်ပိုင်းတပ်တွေနဲ့ ပြန်လည် ပေါင်းစည်းသွားမှာ စိုးရိမ်တဲ့အတွက် အခုလို ဆွေးနွေးဖို့ ကမ်းလှမ်းတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။
တကယ်လို့တွေ့ဆုံဆွေးနွေးမှု အဆင်ပြေရင် အင်အား ၃၀၀၀ ခန့် ရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ကို ဝန်ဟိုင်းဒေသမှာ ပြန်လည် နေရာပေးမယ်လို့လည်း အစိုးရဖက်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။