ပင်လုံညီလာခံအတွက် အဖွဲ့ ၃ ဖွဲ့ ဖိတ်ကြားစာမရ


2017.05.20
tarbonekyaw-tnla-622.jpeg TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချူပ် တာ့ဘုန်းကျော် ကို တွေ့ရစဉ်
Photo: Kan Thar/RFA

NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်ဖို့ အထူးဖိတ်ကြားသူ အနေနဲ့ မနေ့က ဖိတ်ကြားလိုက်ပေမယ့် တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့တွေကို ဖိတ်ကြားခံရခြင်း မရှိဘူးလို့ ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်တပ်တွေဖြစ်တဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေး အဖွဲ့ KIO နဲ့ မိုင်းလားအဖွဲ့ NDAA အဖွဲ့တွေကို မနေ့က ဖိတ်ကြားစာတွေ ရောက်ရှိလာခဲ့ပေမယ့် AA/TNLA နဲ့ ကိုးကန့် အဖွဲ့တွေထံကိုတော့ ဒီကနေ့ ညနေပိုင်းအထိ အစိုးရဘက်က ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားလာတာ မရှိသေးဘူးလို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချူပ် တာ့ဘုန်းကျော် က ပြောပါတယ်။

"ကျနော်တို့ကတော့ ဒီကနေ့အထိတော့ ဖိတ်စာရတာမျိုးတော့ မရှိသေးဘူးဆိုတော့ တခြားအဖွဲ့တွေက ရနေတယ်ဆိုတော့ ကျနော်ထင်တယ် ကျနော်တို့က ဖိတ်ကြားခြင်း မခံရတော့ဘူးလို့ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။ ကျနော်တို့ကို ၇ ဖွဲ့လုံးကို ဖိတ်တယ်ဆိုရင်တော့ ကျနော်တို့က ကော်မတီအနေနဲ့ပဲ တက်မယ်၊ တက်ဖို့လည်း ကျနော်တို့က လူလည်းရွေးထားပြီးပြီ၊ တက်မယ်ဆိုရင် ကျနော်တို့က တန်းတူ ရည်တူရှိတဲ့ အခြေအနေနဲ့ ကျနော်တို့တက်ဖို့ ကျနော်တို့က ထုတ်ပြန်ထားတာဖြစ်ပါတယ်၊ အဲဒီလို အထူးဖိတ်ကြားသူအနေနဲ့ ဘာမှပြောဆိုဆွေးနွေးပိုင်ခွင့်မရှိဘူး၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်လည်းမရှိဘူး၊ စာတမ်းဘာမှတင်ခွင့် ဘာမှမရှိဘူးဆိုရင်တော့ ကျနော်ထင်တယ် တခြားအဖွဲ့လည်း တက်ဖို့ကတော့ အလားအလာနည်းမယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်၊ ဒီမှာ မြောက်ပိုင်း မဟာမိတ် ခုနှစ်ဖွဲ့ကတော့ ကျနော်တို့ ဘယ်လိုပုံစံနဲ့ဖိတ်ဖိတ် အကုန်လုံးကို ဖိတ်တယ်ဆိုရင်တော့ ကျနော်တို့ တန်းတူညီတူရှိတယ် ဆိုရင် ကော်မတီအနေနဲ့ပဲ တက်မယ်လို့ ကျနော်တို့ ပြောထားပါတယ်၊ အခုက ပုံစံပြောင်းသွားတယ် ဆိုတော့ ကျနော်ထင်တယ် ကျနော်တို့ ဒီမြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကတော့ တက်ဖို့အလားအလာ ကတော့ တော်တော်နည်းပါတယ်"

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ၊ လားဟူအမျိုးသား ဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ဝ အမျိုးသား အဖွဲ့ချူပ် WNO အဖွဲ့တွေကတော့ အထူးဖိတ်ကြားသူအနေနဲ့ မေလ ၁၉  ရက်နေ့ မနေ့က ဖိတ်စာရရှိထားကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေး တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာကိုတော့ မေလ ၂၂ ရက်နေ့မှာ ကျင်းပမယ့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အရေးပေါ် ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်သွားကြမှာ ဖြစ်တယ်လို့လည်း UNFC အဖွဲ့ဝင်တွေက ပြောဆို ပါတယ်။

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ဖြစ်တဲ့ AA/TNLA နဲ့ MNDAA အဖွဲ့သုံးဖွဲ့ကို ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ဖို့ မဖိတ်ကြားသေးတာနဲ့ ပတ်သက်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် ABSDF ဒုဥက္ကဌ လည်းဖြစ်တဲ့ ဦးမျိုးဝင်းက အခုလို ပြောဆိုပါတယ်။

"အဓိကတော့ လက်မှတ်မထိုးတဲ့အဖွဲ့တွေအားလုံး ဖိတ်မယ်ဆိုပြီးတော့ UPDJC မှာ ဆုံးဖြတ်ထားတာ၊ အဲဒီကိစ္စလည်း မရှင်းသေးတော့ သေချာပြန်မေးကြည့်မှရမယ်၊ အရင် ညီလာခံတက်တဲ့ ကိုယ်စား လှယ်တွေ ဖိတ်တယ်၊ UPDJC မှာ ဆုံးဖြတ်ထားတာကတော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်ဆိုတာရှိတယ်၊ အဲဒီသုံးဖွဲ့ မပါဘူးဆိုတာကတော့ ပြန်ညှိ ရ ပြန်မေးကြည့်ရမှာပေါ့နော်"

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်ဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ အနေနဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ အနေနဲ့ တက်ရောက်ဖို့ အဆင်သင့် ရှိကြောင်း မေလ ၁၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။