ဖားကန့်မြေစာပုံပြိုကျမှု ရှာဖွေရေးလုပ်ငန်းတွေ အဆုံးသတ်တော့မည်
2015.11.25

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်း မြေစာပုံ ပြိုကျခဲ့တဲ့အထဲမှာ ပျောက်ဆုံးနေသူ တစ်ရာ နီးပါးလောက်ရှိနေပေမယ့် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။
နေ့စဉ် ရေမဆေးကျောက် ရှာဖွေသူ ၃၀၀ နီးပါးလောက်ကိုလည်း အန္တရာယ်မရှိနိုင်တဲ့နေရာတွေ မှာ နေရာချထားပေးနေပြီလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။
"လူတွေအန္တရာယ်မဖြစ်ဖို့ မြေစာပုံအနားမှာရှိနေတဲ့ အိမ်ခြေ ၇ဝ လောက်ကို ကျနော်တို့အဖွဲ့တွေ ကွင်းဆင်းပြီးဖို့ နေရာရွှေ့ပြောင်းပေးဖို့ပေါ့၊ သူတို့ မြေစာပုံကိုမှီပြီး အသက်မွေးဝမ်းကျောင်းပြုပြီး သွားရှာလို့ရအောင် အန္တရာယ်ကင်းလွတ်တဲ့နေရာ ရွှေ့ပြောင်းပေးဖို့ အခုကျနော်တို့ မြေနေရာတွေ သတ်မှတ်ပြီး ရွှေ့ဖို့လုပ်နေတယ်"
မနေ့ကအထိ သေဆုံးသူ အလောင်း ၁၁၄ ဦးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဟာလည်း ၅ ရက်မြောက်ရှိပြီဖြစ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ လမ်းညွန်မှုအရ ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ပြောပါတယ်။
ရှာဖွေတွေ့ရှိတဲ့ အလောင်း ၁၁၄ လောင်းထဲက အမည်၊ နေရပ်သိသူစုစုပေါင်း ၈၀ ကျော်ရှိပြီး ကျန်တာတွေက အမည်၊ နေရပ်လိပ်စာမသိတဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်မှာ မြေစာပုံပြိုကျခဲ့တာကြောင့် အနယ်နယ်အရပ်ရပ် က ရေမဆေးကျောက်လာရောက် ရှာဖွေနေကြသူတွေဟာ မြေစာပုံပိပြီး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းမြေစာပုံတွေမှာ နေ့စား ရေမဆေးကျောက်ရှာဖွေသူ ၂ သိန်းကျော်လောက်ရှိပြီး အများစုဟာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေက ဖြစ်ပါတယ်။