စောဘဦးကြီး ရုပ်ထု စိုက်ထူခွင့်မရ


2018.02.04
sawbaugyi-622.jpg ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ စောဘဦးကြီး ရုပ်တုကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Nay Myo Zin's facebook

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ ၆ ဒူးပလယာခရိုင် ဝင်းရေးဌာနချုပ်မှာ ထားရှိဖို့ ရန်ကုန်ကနေ သယ်ဆောင်လာတဲ့ စောဘဦးကြီး ရုပ်တုကို ဒေသခံ စစ်တပ်က မနေ့က တားမြစ်ခဲ့ပါတယ်။

ရုပ်ထုသယ်ဆောင်လာတဲ့ လမ်းတစ်လျှောက်လုံး မကန့်ကွက်ခဲ့ဘဲ ဌာနချုပ်မှာ စိုက်ထူဖို့ လုပ်ချိန်မှာ ဒေသ အခြေစိုက် စစ်တပ်ဗျူဟာက ကန့်ကွက်တာကြောင့် မစိုက်ထူရဘူးလို့ စောဘဦး ရုပ်တုဖြစ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် စောအဲဒါး က ပြောပါတယ်။

"ရုံးရောက်ခါနီးမှာပဲ ရုံးကလူတွေလာပြီးပြောတာက သူတို့ကတော့ အထက်ညွှန်ကြားချက်အရ စိုက်ထူခွင့်မရှိဘူးပေါ့၊ သူတို့တပ်အင်အား ၁ဝ ယောက်တော့ကျော်မှာပေါ့၊ သူတို့က ရုံးမှာလာ ပြီးတော့ နေရာယူထားတာပေါ့ဗျာ၊ ကျနော်တို့ စိုက်ထူဖို့ရောက်တဲ့အချိန်မှာ စိုက်ထူခွင့်မပေးဘူးပေါ့၊ အဲဒီလိုဖြစ်သွားတာပေ့ါ၊ စိုက်ထူခွင့် လုံးဝမပေးတဲ့အတွက်ကြောင့် ညချင်းရွှေ့လိုက်ရတယ်၊ သူတို့ ကတော့ ပြန်လည်ညှိနှိုင်းဖို့တော့ပြောတယ်၊ လူကြီးကို ပြန်ပြီးတော့တင်မယ်၊ လူကြီးစိုက်ထူခွင့်ပေး ရင်တော့ ပေးမယ်ပေါ့၊ အစိုးရကတော့ ကျနော်တို့အပေါ် ဘာမှကန့်ကွက်တာတော့ မရှိသေးဘူးလေ၊ အခုလောလောဆယ် ကန့်ကွက်တာကတော့ တပ်ကနေပြီးတော့ ကန့်ကွက်တာရှိတာပေ့ါ၊ အစိုးရအနေ နဲ့တော့ ကန့်ကွက်တာမရှိဘူးပေါ့၊ တပ်က ဒီလိုလာကန့်ကွက်ခြင်းအားဖြင့်တော့ လုံးဝမသင့်ဘူးပေါ့ဗျာ၊ သူတို့ဘက်က မလိုအပ်ဘူးဆိုလို့ ကျနော်တို့က ရွှေ့ပေးတယ်လေ၊ ကျနော်တို့ ရွှေ့ပေးတဲ့အပေါ်မှာ ကျနော်တို့ရုံးကို ပြန်သယ်သွားမယ်ဆိုတော့ တစ်ခါလာကန့်ကွက်တယ်ဆိုတော့ ယုံကြည်မှုကတော့ ဗျာ ပြောမယ်ဆိုလို့ရှိရင် ထိခိုက်နိုင်တာပေ့ါလေ"

စောဘဦးကြီး ရုပ်တုကို အစက ဘုရားသုံးဆူမှာ ထားရှိဖို့ စီစဉ်ပေမယ့် တပ်ဘက်က ကန့်ကွက်တာကြောင့် ဒူးပလာယာခရိုင် ဝင်းရေးဌာနချုပ်မှာ ထားရှိဖို့ သယ်ဆောင်လာတာကို ထပ်မံကန်ကွက်ခံရတာလို့ စောအဲဒါး က ပြောပါတယ်။

ရုပ်တုကို လက်ရှိမှာ ယာယီရွှေ့ပြောင်းထားရပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ စာရေးသား တောင်းဆို သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီရုပ်တုကို ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ မြန်မာ လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး အသင်းက ရန်ကုန်ကနေ သယ်ဆောင်သွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။