ဆန်ဖရန်စစ္စကို မာရသွန် မြန်မာ ၁၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နှစ်စဉ် ကျင်းပတဲ့ ဆန်ဖရန် စစ္စကို မာရသွန် ပြိုင်ပွဲမှာ မြန်မာနိုင်ငံ အတွင်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မြန်မာ ၁၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

2012.07.24

ဒီနှစ်အတွက် ဆန်ဖရန်စစ္စကို မာရသွန်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မာရသွန်မှာ ဝင်ရောက်ပြေးမယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ မြန်မာ အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ Burmese American Democratic Alliance (BADA) အဖွဲ့ဝင်တွေနဲ့ BADA ကို ကူညီ ပံ့ပိုးသူတွေ ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတယ် ဆိုတာကို အသိပေးတဲ့ အနေနဲ့ မြန်မာ အပြေးသမားတွေဟာ "Free Political Prisoners" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ပြိုင်ပွဲ ဝင်ကြမှာ ဖြစ်တယ်လို့ BADA အဖွဲ့က ဦးညွန့်သန်းက အခုလို ပြောပါတယ်။

"ဆန်ဖရန်စစ္စကိုက နှစ်စဉ်နှစ်တိုင်း မာရသွန် ကျင်းပတာ ကျွန်တော်တို့ ဗမာ Community နဲ့ ဗမာ Activist တွေကလည်း မာရသွန်မှာ ဝင်ပြေးပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေး ရရှိရေးအတွက်ပေါ့နော်။ တတ်နိုင်သမျှအများ သိလာအောင်၊ တချို့နှစ်တွေမှာလည်း နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ Fund racing လုပ်တဲ့အနေနဲ့ ကျွန်တော်တို့ ဝင်ပြေးတယ်ပေါ့နော်။ ဒီနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု လက်ခံရယူတဲ့ မိန့်ခွန်းမှာ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်။ ဒါကို မမေ့ကြပါနဲ့လို့ ပြောသွားတဲ့အတွက် ကျွန်တော်တို့ ဒီနှစ်ကတော့ ဒီဒေသကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် လူငယ်တွေရော ကျွန်တော်တို့ အများစုက ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ
အားလုံး လွှတ်ပေးပါဆိုတဲ့ Banner တွေကိုင်ပြီး ကျွန်တော်တို့ ပြေးကြမှာ ဖြစ်ပါတယ်"

မြန်မာအပြေးသမား၂ ယောက်ဟာ မာရသွန်အတွက် သတ်မှတ်ထားတဲ့ အကွာအဝေးရဲ့ တစ်ဝက် ဝင်ပြေးမှာဖြစ်ပြီး တချို့ကတော့ ၃ မိုင် ဝင်ပြေးမှာ ဖြစ်ပါတယ်။ အဲဒီ ဆန်ဖရန်စစ္စကို မာရသွန်မှာ မြန်မာနိုင်ငံသားတွေ နှစ်စဉ် ဝင်ပြေးခဲ့တာ ဒီနှစ်ဟာ ၅ နှစ်မြောက် ဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းက မာရသွန်ပွဲမှာ ရန်ပုံငွေ ရှာတာတွေ လုပ်ခဲ့ပြီး ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့တာမျိုး ရှိသလို မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အများသိစေဖို့ ရည်ရွယ်ချက်နဲ့ “Free Burma” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဝင်ပြေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။