စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တပ်ရင်းတွေ စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း NUG ထုတ်ပြန်
2024.07.09

တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး"နဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီစစ်ဆင်ရေးတွေမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဗျူဟာတွေ၊ တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ ဗျူဟာ ၅၂ နဲ့ ၅၅ လက်အောက်က တပ်ရင်း ခုနစ်ရင်းနဲ့ မန္တလေးတိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) အပါအဝင် ညောင်ဦးခရိုင် တပ်ရင်း ၂၆ ၊ မိုးကုတ်ဗျူဟာအောက်က တပ်ရင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၊ ပြင်ဦးလွင်၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေပြီး အောင်ပွဲတွေရနေတယ်လို့လည်း ဆိုပါတယ်။
NUG ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်တိုက်ခိုက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၁၁ ခုနဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၂၅ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထုတ်ပြန်ထားပါတယ်။