ကလေးဝမြို့နယ်မှာ လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ် ခံနေရ
2016.07.31

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ အိမ်ထောင်စု ၄ ထောင်ကျော် လူဦးရေ ၂ သောင်းနီးပါး ရေဘေးဒဏ်ခံနေရတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြ ပါတယ်။
အစိုးရဌာနဆိုင်ရာတွေက ဒေသခံတွေ နေရာပြောင်းရွှေ့တာတွေ အကူအညီပေးနေတယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော် က ပြောပါတယ်။
"မြို့ထဲမှာလည်း အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်ပေါ့နော် အဲ့ဒီခြံတွေ အနိမ့်ပိုင်းတွေကို ဝင်နေပြီပေါ့၊ ကျေးရွာက ၁၄ အုပ်စုလောက်ဝင်နေပြီ၊ ရွာဆိုရင်တော့ အများကြီးပေါ့၊ အိမ်ထောင်စုပေါင်း ဆိုရင် ၄ ထောင်ကျော်တယ်၊ သူ့ဟာနဲ့သူပဲ ရွှေ့တာပြောင်းတာတွေ လုပ်နေကြတာတွေလည်းရှိတယ်၊ ဌာနဆိုင်ရာတွေအနေနဲ့ဆိုရင်တော့ တာဝန်ခွဲဝေပြီးမှ သွားရောက်ထမ်းဆောင်နေတာတွေရှိတယ်"
ချင်းတွင်းမြစ်နဲ့ မြစ်သာမြစ်ဟာ ကလေးဝမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတာ ၂ ပတ် ကျော်ကြာနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က လူနေအိမ်တွေ စတင်ရေမြုပ်ခဲ့တာဖြစ်ပါတယ်။
အလားတူ ကနီမြို့မှာလည်း ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၂၀ လောက် ရေနစ်မြုပ်နေပြီး မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းတစ်ခု မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ကျေးရွာတချို့မှာ လူနေအိမ်တွေ ရေ ဝင်ရောက်နေပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဇူလိုင်လ(၃၁)ရက်နေ့ကနေ သြဂုတ်လ(၆)ရက်နေ့အထိ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီ၊ ငဝန် မြစ်ရေတွေ မြင့်တက်ပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နိုင်ကြောင်း မြစ်ရေမြင့်တက်မှုတွေ ရှိနေနိုင်သေးတာကြောင့် သတိထားကြဖို့ အသိပေးထားပါတယ်။