စစ်ကိုင်းတိုင်းအတွင်း အသိမ်းခံလယ်မြေဧကပေါင်း ၃ သိန်း မှ ၄ သိန်းကြားရှိ


2016.03.26
Monywa-620.jpg စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့ ကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မတော်၊ စီးပွားရေးကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧကပေါင်း ၃ သိန်းကနေ ၄ သိန်းကြားရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးက တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြော ပါတယ်။

မုံရွာမြို့ မိုးကောင်းဓမ္မာရုံမှာ ဒီကနေ့ ကျင်းပတဲ့ တောင်သူလယ်သမားညီလာခံမှာ မြေယာအငြင်းပွားမှု ပြဿနာတွေ ကို အဓိကထား ဆွေးနွေးကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့က ဦးအောင်ကျော်ကျော်က ပြောပါတယ်။

"သိမ်းဆည်းခံ လယ်ယာမြေပြဿနာဆိုတာကတော့ တောင်သူလယ်သမား ပြဿနာထဲမှာ အစိတ်အပိုင်းတစ်ခု ၊ ပြဿနာတစ်ရပ်ဖြစ်တယ်ပေါ့ဗျာ၊ ဒါပေမဲ့ သူကတော့ အရေးကြီးဆုံး ပြဿနာဖြစ်တယ်ပေါ့၊ စစ်ကိုင်းတိုင်း အတွင်းမှာဆို အဓိက ၃ သိန်းကနေ ၄ သိန်းကြားမှာရှိမယ်လို့ ခန့်မှန်းပါတယ်ဗျာ၊ စစ်တပ်က သိမ်းတာ လည်းရှိတယ်၊ နောက်တစ်ခါ တော်ဝင်းထွန်း ကုမ္ပဏီလို ကုမ္ပဏီက သိမ်းတာလည်းရှိတယ်၊ နောက် သစ်တောဌာနက သိမ်းတာလည်းရှိတယ်၊ ဧရိယာဧကများတာကတော့ သစ်တောဌာနကဖြစ် တဲ့ ပြဿနာက ပေါင်းလိုက်ရင်မယ်ဆိုလို့ရှိရင် ဧရိယာဧက အများဆုံးဖြစ်တယ်"

သိမ်းဆည်းခံလယ်ယာမြေပြဿနာ၊ မြေယာပိုင်ခွင့်ပြဿနာ၊ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်တာ၊ စိုက်ပျိုးရေ လုံလုံလောက်လောက်မရတာ ၊ သီးနှံဈေးကွက် မရတာ စတာတွေကို ဆွေးနွေးနေတာဖြစ်ပါတယ်။

အဲ့ဒီညီလာခံကို မတ် ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်း ဥပဒေ၊ တောင်သူလယ်သမား ကာကွယ်ရေးဥပဒေ၊ မျိုးစေ့ဥပဒေ၊ အမျိုးသားမြေအသုံးချမှု မူဝါဒတွေ ကိုလည်း တောင်သူဦးရေ ၇ဝ ကျော်လောက် တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

မနက်ဖြန် ဆက်လက်ကျင်းပမယ့် စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားညီလာခံကနေ လွှတ်တော်အသစ်နဲ့ အစိုးရအဖွဲ့အသစ်တွေကို တောင်းဆိုချက်တွေ ပို့သွားမယ့်အကြောင်း ထုတ်ပြန်မှာဖြစ်ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။