ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်ရာထူးမှ အနားယူကြောင်း သတင်းထွက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ တရားဝင် အနားယူသွားပြီလို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အလားတူပဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ အနားယူသွားပြီလို့ နိုင်ငံတကာ သတင်းဌာနတွေက အစိုးရအရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

2011.04.04
than_shwe_maung_aye_sanction_305_z.png စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ဝဲ) တို့ အခမ်းအနားတခု တက်ရောက်နေပုံ ဖြစ်ပါသည်။(Photo: AFP)
(Photo: AFP)

ဒါပေမဲ့ ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းနဲ့ အရန် စစ်မှုထမ်း ဥပဒေအရ သူတို့နှစ်ဦးလုံးဟာ လက်ရှိရာထူးတွေနဲ့ စစ်တပ်မှာ ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရှိနေတယ်လို့ မြန်မာ့ စစ်ရေး နိုင်ငံရေး လေ့လာနေတဲ့ ဦးဌေးအောင်က ပြောပါတယ်။

“အရန် စစ်မှုထမ်းခြင်း ဥပဒေထဲမှာ ဘာပါလဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်လို့ ရှိရင် ဒီစစ်မှုထမ်းတွေအနက် ကာကွယ်ရေး ဦးစီးချုပ်က အလိုရှိတဲ့ ဒီ စစ်မှုထမ်း ဥပဒေအနေနဲ့ပေါ့နော်၊ ၅ နှစ်သက်တမ်း၊ သူတို့ရဲ့ လက်ရှိ ရာထူး အဆင့်အတန်းတွေအတိုင်း ထပ်ပြီးတော့ တာဝန် ထမ်းဆောင်ခွင့် ရှိတယ်ဆိုတာကို ပြဋ္ဌာန်းထားတာ ရှိတယ်။ နောက်တခုက ကာကွယ်ရေး ဦးစီးချုပ်က ဆက်ပြီး လိုအပ်မယ် ဆိုရင်လည်း  ၅ နှစ်ထက်မက ဆက်ပြီးတော့ အမှုထမ်းနိုင်တယ် ဆိုတဲ့ဟာတွေ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။”

“အဲဒီအချက်တွေ ကြည့်ခြင်းအားဖြင့်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ပေါ့လေ၊ အခုလို တရားဝင် တပ်မတော်က ဘယ်လိုပဲ အငြိမ်းစား ယူတယ်လို့ ပြောပြော၊ ကာကွယ်ရေး ဦးစီးချုပ်က သူ့ကို ပြန်ပြီးတော့ တာဝန် ပေးမယ်ဆိုလို့ရှိရင် လက်ရှိ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ တပ်မတော် အဆင့်အတန်းနဲ့ တာဝန်တခုခုကို ပြန်ထမ်းဆောင်နိုင်ခွင့် ရှိတယ်ဆိုတဲ့သဘောမျိုး လိုအပ်လို့ရှိရင် ဒီ နောက်ကွယ်က နေပြီးတော့ လက်ရှိ ရာထူးအတိုင်းပေါ့နော်၊ ဆက်ပြီးတော့ တာဝန် ထမ်းဆောင်နိုင်အောင် သူတို့ တမင် ရည်ရွယ်ပြီးတော့ ဒါကို လွှတ်တော် မခေါ်ခင်ကလေးမှာတင် ကပ်ပြီးတော့ ပြဋ္ဌာန်းလိုက်တယ်လို့ပဲ ကျွန်တော်က ထင်တယ်။”

ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးမှာလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြပါတယ်။ ဒီဥပဒေကို အတည်ပြု ပြဌာန်းဖို့ဆိုတာ လက်ရှိ အစိုးရသစ်ပေါ်မှာ မူတည်နေတယ်လို့ သက်ဆိုင်ရာက ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သတင်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-04 14:34

We though General Than Shwe doesn't like the power, and love the country so much.
What happen?