ရေကြောင်း ပိုးလမ်းမ ကိစ္စ အိန္ဒိယ အသေးစိတ် သိလို


2014.07.01

တရုတ်၊ အိန္ဒိယ၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်တဲ့ ခေတ်သစ် ရေကြောင်းပို့လမ်းမကြီး ပေါ်ထွန်းရေးဆိုတဲ့ တရုတ်အစိုးရရဲ့ အစီအစဉ်အပေါ် အိန္ဒိယအနေနဲ့ သဘောတူ ထောက်ခံသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ မပါဝင်သေးခင် အစီအစဉ်အသေးစိတ်ကို သိရှိလိုကြောင်း အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆရီ က ပြောပါတယ်။

တရုတ်ပြည် ဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ၊ တရုတ်၊ အိန္ဒိယတို့ ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရေး မူငါးချက် နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်လာခဲ့တဲ့ ငါးရက်ကြာ တရုတ်ပြည် ခရီးစဉ်နောက်ဆုံးရက်၊ တရုတ် လူမှုသိပ္ပံ တက္ကသိုလ် မှာ တရုတ်ပညာရှင်တွေကို ပြောဆိုခဲ့တာပါ။

တရုတ်ပြည် ဟန်မင်းဆက်လက်ထက်က စတင်ခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ဥရောပ ၊ အာဖရ်က တိုက်တွေကို ဆက်သွယ်ရာ  ပိုးလမ်းမ လို့နာမည်ကျော်ခဲ့တဲ့ အရှေ့အနောက်ပေါင်းကူး ကုန်းတွင်းလမ်းမကြီးလိုမျိုး၊ ဒီကနေ့မှာ ဘင်္ဂလားပင်လယ်အော် ကနေ အာရေဗျ ပင်လယ်အထိ ဆက်သွယ်မယ့် ခေတ်သစ် ရေကြောင်း ပိုးလမ်းမ ဖောက်လုပ်ဖို့ တရုတ်က ဆော်သြနေတာဖြစ်ပါတယ်။

MSR လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ ရေကြောင်း ပိုးလမ်းမ အစီအစဉ် ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေ နဲ့ တရုတ် မြန်မာ နယ်စပ် ကူမင်းမြို့ အထိ ဆက်စပ်မှာဖြစ်ပါ တယ်။

အိန္ဒိယအနေနဲ့ ဒီအစီအစဉ်ကို သဘောတူပေမဲ့၊ တရုတ်က သိရိလင်္ကာ နဲ့ ပါကစ္စတန်မှာ ဆိပ်ကမ်း တွေ တည်ဆောက်ပေးပြီး ဘင်္ဂလားပင်လယ်အော် နဲ့ အာရေဗျ ပင်လယ် အထိ သူ့သြဇာကို တဖြည်းဖြည်း ချဲ့ထွင်လာနေတဲ့အတွက်၊  အခု MSR ရေကြောင်း ပိုးလမ်းမ ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေကို အသေးစိတ် သိဖို့ လိုပါတယ်၊ တစ်ဦး နဲ့တစ်ဦး ဆက်ဆံရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ် လို့ အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆရီ က ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာ နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံပြောဆိုသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် ကော်မတီတစ်ရပ်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ကြား အပြန်အလှန် ယုံကြည်မှု ကင်းမဲ့နေတာဟာ၊ နှစ်နိုင်ငံပြဿနာတွေဖြေရှင်းရေး အတွက် အဓိက အတားအဆီးဖြစ်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ သက်ဆိုင်တဲ့ လွှတ်တော် ကော်မတီ က ပြောဆိုလိုက်တာပါ။

အခက်အခဲတွေကို ကျော်လွန်နိုင်အောင် နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ မကြာခဏ ကျင်းပဖို့၊ နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကြဖို့ ကော်မတီအဖွဲ့ဝင်  ဖာရွတ်ခန် က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကို တိုက်တွန်းလိုက်ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းတွေ ကို အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်ဆက်ဆံမှုှ တိုးတက်ဖွံ့ဖြိုးလာနိုင်ကြောင်းလည်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။