ချင်းတွင်းနဲ့ ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်နေ


2016.07.14
kani-flooding-620.jpg စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့က မြစ်ရေတက်လာရင် ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်နိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေပြည်သူတွေဆီ အိမ်တိုင်ယာရောက် ဟောပြောဆောင်ရွက်စဉ်
Photo: Myanmar Fire Services Department Facebook

ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ နဲ့ ကနီ စတဲ့မြို့တွေရဲ့ စိုးရိမ်ရေ အမှတ်အထက်ကို ရောက်ရှိနေသလို ငဝန်မြစ်ရေတွေလည်း ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေ မှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ပြောပါတယ်။

ချင်းတွင်းမြစ်ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတာ တစ်ပတ်လောက်ရှိနေပြီး ငဝန်မြစ်ရေဟာ လက်ရှိ စိုးရိမ်ရေအမှတ်ထက် ပေဝက်လောက်တက်နေကာ နောက် ၂ ရက်အတွင်း ထပ်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန မြစ်ရေခန့်မှန်းရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းမော် က ပြောပါတယ်။

"ချင်းတွင်းမြစ်ဆို လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက စကျော်တာပေါ့၊ လက်ရှိအခြေအနေကတော့ ချင်းတွင်းမြစ်အပေါ်ပိုင်း ခန္တီးနဲ့ ဟုမ္မလင်းဆိုရင် စိုးရိမ်ချက်အမှတ်အောက်ကို ရောက်သွားပြီ၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာရယ် စိုးရိမ်ချိန်အမှတ်အောက်ကို နောက်နှစ်ရက်အတွင်း ကျသွားလိမ့်မယ် ၊ မော်လိုက်ဆိုရင် နှစ်ပေခွဲလောက် စိုးရိမ်ချိန်အမှတ်အထက်မှာရှိတယ်၊ ကလေးဝဆို တစ်ပေခန့်ရှိ တာပေါ့နော်၊ နောက်တစ်ရက်အတွင်း ကျသွားလိမ့်မယ်၊ ကနီ သုံးပေလောက်ကျန်သေးတယ်၊ အကျနှေး တယ်ပေါ့နော်၊ ငါးသိုင်းချောင်းက ဘယ်ကရေတွေလာလဲဆိုရင် ဧရာဝတီမြစ်ကရေက ငဝန်မြစ်ထဲကို စီးလာတယ်"

ငဝန်မြစ်ရေ မြင့်တက်လာတာဟာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့်ဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာပြည် အထက်ပိုင်းကရေတွေ အောက်ဖက်ကို စီးဆင်းလာတာဖြစ်တယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟသာၤတနဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေမှတ်နားကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။

ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် သာပေါင်းမြို့နယ် ငဝန်တာအတွင်းက ကျေးရွာတွေအတွက် ဆည်မြောင်း ဦးစီးဌာနက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေသလို ရေကင်းတဲတွေနဲ့လည်း နေ့ညမပြတ် စောင့်ကြည့်နေ ကြရတယ် လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။