ဆန်စျေးတက်အောင်လုပ်သူတွေကို ထိန်းကျောင်းမယ်လို့ ဆန်စပါးအသင်းချုပ်ထုတ်ပြန်

RFA Burmese
2023.04.25
ဆန်စျေးတက်အောင်လုပ်သူတွေကို ထိန်းကျောင်းမယ်လို့ ဆန်စပါးအသင်းချုပ်ထုတ်ပြန် ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ရုံကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၃ ခုနှစ်၊ ဧပြီလမှာကျရောက်တဲ့ မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအပြီးနောက်ပိုင်း ပြည်တွင်းဆန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ပျမ်းမျှ ကျပ်ငွေငါးထောင်ဝန်းကျင် စျေးတက် သွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသူတွေရှိနေတယ်လို့ ဧပြီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဒီလိုရည်ရွယ်ချက်ရှိရှိလုပ်နေသူတွေကို ထိန်းကျောင်းဖို့ ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်၊ ဆန်စက်၊ ကုန်သည်၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧရာ၀တီတိုင်း၊ မော်ကျွန်းမြို့နယ်မှာရှိတဲ့ ဆန်လက်လီလက်ကားဒိုင်တစ်ခုကတော့ သင်္ကြန်ကာလမှာ ဆန်စက်တွေပိတ်ထားတာကြောင့် လက်ကျန်ပြတ်လပ်ပြီး အခုလို စျေးတက်သွားတာလို့ RFA ကိုပြောပါတယ်။

"သင်္ကြန်ကာလ ပိတ်ရက်တွေများသွားတော့လေ အခုလိုဖြစ်သွားတာပါ။ အခုရက်တွေက ပုံမှန်လည်နေပြီလေ။ ပုံမှန်လည်နေပြီဆိုတော့ လိုအပ်တဲ့ပမာဏကို ဖြည့်တင်း ပေးနိုင်ရင် ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်"

ဆန်ပွဲရုံကြီးတွေမှာ ဝယ်ယူတာထက် ပွဲစားနဲ့တစ်ဆင့် နယ်တွေက တိုက်ရိုက် ဝယ်ယူရာ မှာတော့ ဆန်စျေးနှုန်းတက်တာတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ နှစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းဆန်စျေးနှုန်းဟာ တဖြည်းဖြည်းနဲ့ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။