အမေရိကန်အစိုးရထောက်ပံ့ငွေ ရပ်စဲခံရပြီး RFA သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်

လွတ်လပ်တဲ့အာရှအသံ (RFA) က လက်ခံရရှိတဲ့ အကြောင်းကြားစာအရ အမေရိကန်အစိုးရက RFA နဲ့ မိတ်ဖက်သတင်းဌာနတွေအတွက် နှစ်စဉ်ပေးအပ်နေတဲ့ ထောက်ပံ့ငွေတွေကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက် စနေနေ့မနက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
မတ်လ ၁၄ ရက် သောကြာနေ့ညနေပိုင်းက သမ္မတဒေါ်နယ်ထရန့် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ… “အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM)” ရဲ့ ဥပဒေလိုအပ်ချက်အရ အကျုံးမဝင်တဲ့ လုပ်ငန်းအစိတ်အပိုင်းတွေကို လျှော့ချဖို့ တောင်းဆိုထားပါတယ်။ USAGM ဟာ RFA နဲ့ တခြား လွတ်လပ်တဲ့ ကမ္ဘာ့သတင်းဌာနတွေကို ငွေကြေးထုတ်ပေးနေတဲ့ အမေရိကန်အစိုးရအေဂျင်စီ ဖြစ်ပါတယ်။
ဒီထောက်ပံ့ငွေကို အမေရိကန်လွှတ်တော်က သတ်မှတ်ပြဋ္ဌာန်းပြီး USAGM ကတစ်ဆင့် သတင်းဌာနတွေကို ခွဲဝေပေးအပ်တာ ဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ သမ္မတအမိန့်ပြန်တမ်းမှာ USAGM အပါအဝင် ပြတိုက်တွေ၊ အိုးမဲ့အိမ်မဲ့အကူအညီပေးရေး၊ တိုင်းရင်းသားလူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး စတဲ့အဖွဲ့အစည်းကြီးခြောက်ခုကို "ဥပဒေအရခွင့်ပြုနိုင်တဲ့ အမြင့်ဆုံးအတိုင်းအတာအထိ" လုပ်ငန်းတွေရပ်စဲဖို့ ညွှန်ကြားထားပါတယ်။ ဒီအမိန့်စာမှာ USAGM ရဲ့ "ဥပဒေလိုအပ်ချက်တွင် အကျုံးမဝင်သည့် လုပ်ငန်းအစိတ်အပိုင်းများ" လို့ ဖော်ပြထားပေမဲ့ RFA ဟာ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ သတင်းဌာန ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ RFA ဟာ အမေရိကန်လွှတ်တော်က သဘောတူပြဋ္ဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ အသံလွှင့်ဥပဒေအရ ထူထောင်ထားတဲ့ သတင်းဌာနဖြစ်ပါတယ်။
ဒါပေမဲ့ RFA ဥက္ကဋ္ဌထံကို မတ်လ ၁၅ ရက် စနေနေ့မနက်ပိုင်းက ရောက်လာတဲ့ အကြောင်းကြားစာမှာ… RFA သတင်းဌာနကို အမေရိကန်အစိုးရကထောက်ပံ့နေတဲ့ ငွေကြေးတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ RFA အနေနဲ့ "လက်ကျန်ငွေတွေကို အချိန်မဆိုင်းဘဲ အစိုးရကို ပြန်လည်ပေးအပ်" ရမှာဖြစ်ကြောင်း USAGM ရဲ့ အထူးအကြံပေးအရာရှိ ကယ်ရီလိတ် (Kari Lake) က "လက်ရှိ USAGM ယာယီအကြီးအကဲ၏ အထူးအကြံပေးနှင့် ယာယီအကြီးအကဲ၏ လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းရယူထားသူ"(Acting CEO with Authority Delegated with the Acting CEO) အဖြစ် လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။ အခုရပ်ဆိုင်းလိုက်တဲ့အမိန့်ကို ရက် ၃ဝ အတွင်း အယူခံတင်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
သတင်းလုပ်ငန်းတွေ ဘယ်အချိန်၊ ဘယ်လိုရပ်ဆိုင်းမလဲဆိုတာကို လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ RFA ဟာ အမေရိကန်ဗဟိုအစိုးရ ထောက်ပံ့ငွေတစ်ခုတည်းနဲ့ လုပ်ငန်းလည်ပတ် ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
မတ်လ ၁၅ ရက် စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ RFA ဥက္ကဋ္ဌ Bay Fang က ဒီအမိန့်စာကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
“RFA အတွက်ထောက်ပံ့ငွေကို ရပ်စဲလိုက်တာဟာ သတင်းခေတ်ကြီးထဲမှာ သြဇာအာဏာ အထိန်းအကွပ်မရှိ တိုးချဲ့ရမ်းကားနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ အပါအဝင် ကမ္ဘာပေါ်က အာဏာရှင်တွေနဲ့ အစိုးရဆိုးတွေကို ဆုလာဘ်လက်ဆောင်တစ်ခု ပေးလိုက်တာပါပဲ” လို့ RFA ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။ “ဒီနေ့ အကြောင်းကြားစာဟာ အမှန်တရားကိုသိရဖို့အတွက် RFA သတင်းတွေကို အပတ်စဉ် စောင့်ကြည့်ဖတ်ရှုနေကြတဲ့ လူသန်းပေါင်း ၆၀ နီးပါးကို ဥပေက္ခာပြုပြီး သတင်းမှန်တွေရရှိဖို့ အခွင့်အရေး ဆုံးရှုံးသွားစေသလို တဖက်မှာလည်း ဒီလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေကိုလည်း အကျိုးအမြတ်တွေ ရသွားစေမှာဖြစ်ပါတယ်။”
RFA သတင်းဌာနဟာ သတင်းအချက်အလက် တည်းဖြတ်ထုတ်ဝေရာမှာ လွတ်လပ်ပြီး ဩဇာလွှမ်းမိုးမှုကင်းတဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းထားတဲ့ သတင်းဌာနဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ မန်ဒရင်တရုတ်ဘာသာနဲ့ ပထမဆုံး အသံလွှင့်ခဲ့ပြီး နောက်ဆက်တွဲနှစ်တွေမှာ ဘာသာစကား ကိုးခုအထိ တိုးချဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ တခြား ဘာသာတွေကတော့ ကန်တုန် တရုတ်ဘာသာ၊ ဝီဂါ၊ တိဗက်၊ ကိုရီးယား၊ ခမာ၊ ဗီယက်နမ်၊ မြန်မာနဲ့ လာအိုဘာသာတွေ ဖြစ်ပါတယ်။
RFA ဟာ သတင်းလွတ်လပ်ခွင့် မရှိသလောက်နည်းပါးတဲ့ နိုင်ငံတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုကွန်ရက်နဲ့ အင်တာနက်စာမျက်နှာတွေကတစ်ဆင့် သတင်းထုတ်လွှင့်နေတာပါ။ ဆင်ဆာဖြတ်တောက်မှုမရှိ၊ ဝါဒဖြန့်မှုကင်းတဲ့ သတင်းတွေကို ထုတ်လွှင့်ဖြန်ချိပေးတဲ့ သတင်းဌာနအဖြစ် ရပ်တည်နေတဲ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ RFA ဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံထားရတဲ့ မြောက်ကိုရီးယား၊ တိဗက်၊ ရှင်ကျန်း စတဲ့ နိုင်ငံ၊ ဒေသတွေအကြောင်း သတင်းတင်ဆက်နေတဲ့အတွက် အင်္ဂလိပ်ဘာသာပြန် ဖော်ပြတဲ့ RFA သတင်းတွေဟာ ဒီဒေသတွေနဲ့ပတ်သက်လို့ တစ်ခုတည်းသော သတင်းအရင်းအမြစ်တွေ ဖြစ်နေပါတယ်။
RFA ရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ USAGM ဟာ သန်းပေါင်းရာနဲ့ချီတဲ့ပရိသတ်အတွက် ဘာသာစကား ၆၀ ကျော်နဲ့ ထုတ်လွှင့်နေတဲ့ သတင်းဌာနကြီးတွေကို ကြီးကြပ်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအထဲမှာ လွတ်လပ်တဲ့ဥရောပအသံ/ လွတ်လပ်ရေဒီယို (Radio Free Europe/Radio Liberty) လည်းပါဝင်ပါတယ်။ RFE/RL အနေနဲ့လည်း ရရှိနေတဲ့ ငွေကြေးထောက်ပံ့မှုတွေ အရပ်ဆိုင်းခံရကြောင်း စနေနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ USAGM က တိုက်ရိုက်ဦးစီးလည်ပတ်တဲ့ အမေရိကန်အသံ (Voice of America) နဲ့ ကျုးဘားအသံလွှင့်ဌာန (Office for Cuba Broadcasting) က ဝန်ထမ်းအားလုံးကိုလည်း လစာအပြည့်နဲ့ ခွင့်ပေးလိုက်ပါတယ်။
VOA ညွှန်ကြားရေးမှူး မိုက်ကယ် အေဘရမ်မိုဝစ် (Michael Abramowitz) က “VOA ရဲ့ သတင်းထောက်၊ ထုတ်လုပ်သူနဲ့ ကူညီပံ့ပိုးသူ ဝန်ထမ်း ၁,၃၀၀ ကျော်ကို အုပ်ချုပ်ရေးအစီအမံအရပေးတဲ့ ခွင့်နဲ့ အနားပေးလိုက်ပြီလို့ ဒီမနက်မှာ သိလိုက်ရပါတယ်။ ဒီအထဲမှာ ကျွန်တော်လည်း ပါပါတယ်" လို့ Facebook မှာ ရေးသားထားပါတယ်။
နယူးယောက်အခြေစိုက် စာနယ်ဇင်းသမားအကာအကွယ်ပေးရေးအဖွဲ့ Committee to Protect Journalists အဖွဲ့က အစီအစဉ်ညွှန်ကြားရေးမှူး ကားလို့စ် မာတီနစ် ဒီလာ ဆာနား (Carlos Martinez de la Serna) က… USAGM ဟာ သတင်းလွတ်လပ်ခွင့်မရှိတဲ့တိုင်းပြည်တွေမှာ ဆင်ဆာဖြတ်တောက်မှုမရှိတဲ့ သတင်းတွေ ဖြန့်ဝေပေးနေတဲ့အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ USAGM ကို ရန်ပုံငွေတွေပြန်ပေးဖို့ အမေရိကန်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။
“ကမ္ဘာတစ်ဝန်းက အာဏာရှင်အစိုးရတွေရဲ့ ဝါဒဖြန့်သတင်းတွေကို တန်ပြန်သတင်းမှန်ဖြန့်နေတဲ့၊ လွတ်လပ်တဲ့ သတင်းစာလုပ်ငန်းကို လုပ်ဆောင်နေတဲ့၊ လွှတ်တော်က ရန်ပုံငွေထောက်ပံ့ပေးနေတဲ့ သတင်းအဖွဲ့အစည်းကြီးကို အမြစ်ဖြတ်ဖို့ သမ္မတအိမ်ဖြူတော်က လုပ်ဆောင်နေတဲ့ လုပ်ရပ်ဟာ အမျက်ဒေါသထွက်စရာပါပဲလို့လည်း CPJ ရဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။
အထူးသဖြင့် RFA ကို ရန်ပုံငွေဖြတ်ဖို့ လုပ်ဆောင်တာဟာ အမေရိကန်အစိုးရက တရုတ်အစိုးရကို သတင်းအချက်အလက်နဲ့ သြဇာတန်ပြန်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်လို့လည်း တရုတ်အရေးစောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေ သတိပေးပါတယ်။
"တရုတ်ကွန်မြူနစ်အစိုးရရဲ့ တရစပ်ထုတ်ပြန်နေတဲ့ ဝါဒဖြန့် သြဇာသိမ်းသွင်းမှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ ပရိသတ်တွေအတွက် တိကျပြီး ဆင်ဆာမဲ့သတင်းတွေကို ထုတ်လွှင့်ပေးနေတဲ့ တရုတ်ဝါဒဖြန့် တန်ပြန်ချေဖျက်ရေးမှာ လွတ်လပ်တဲ့အာရှအသံ (RFA) ဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်"လို့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် အေမီဘာရာ (Ami Bera) က X စာမျက်နှာမှာ ရေးထားပါတယ်။
"RFA ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စံနဲ့တန်ဖိုးတွေကို ရှေ့တန်းရောက်အောင် ပံ့ပိုးပေးတဲ့အဖွဲ့အစည်းဖြစ်သလို တစ်ဖက်မှာလည်း ကျွန်မတို့နဲ့ တရုတ်နိုင်ငံအကြား သြဇာအာဏာပြိုင်ရာမှာ ဝီဂါလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေ၊ နိုင်ငံတကာမှာ လျှို့ဝှက်လုပ်ဆောင်နေတဲ့ တရုတ်သူလျှိုတွေရဲ့ လုပ်ငန်းတွေကို ဖော်ထုတ်တင်ပြနေတဲ့ သတင်းဌာနလည်း ဖြစ်ပါတယ်"
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း မိုက်ကယ် မက်ဖောင်းလ် (Michael McFaul) က RFA နဲ့ သတင်းဌာန ညီနောင်အဖွဲ့အစည်းတွေကို ဖျက်ဆီးတာဟာ တရုတ်နိုင်ငံကို အကြီးကျယ်ဆုံး လက်ဆောင်တွေပေးလိုက်တာလို့ ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မာယာ ဝေါင်း (Maya Wang) ကလည်း… RFA ဟာ ရှင်ကျန်းနဲ့ တိဗက်လို ဒေသတွေမှာ "သတင်းအချက်အလက် ရယူထုတ်ပြန်နိုင်တဲ့ လက်တစ်ဆုပ်စာ သတင်းဌာနတွေထဲက တစ်ခုဖြစ်ပါတယ်။ RFA ဖျက်ဆီးခံရမှုဟာ တရုတ်ကွန်မြူနစ်ပါတီက လိုလားတောင့်တနေတဲ့အတိုင်း ဒီဒေသတွေမှာ သတင်းအချက်အလက် အမှောင်ကျသွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ" လို့ ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။
USAGM က စနေနေ့ညနေက ထုတ်ပြန်ပြီး X စာမျက်နှာမှာ ကယ်ရီလိတ် (Kari Lake) တင်ထားတဲ့ ကြေညာချက်မှာ… USAGM အနေနဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ကိုယ်ကျိုးစီးပွားရှာတယ်ဆိုတဲ့ စွပ်စွဲတွေ့ရှိချက်တွေ မျိုးစုံရှိနေပြီး၊ ကုစားကယ်တင်လို့ မရလောက်အောင် အခြေအနေ ရောက်ရှိနေပြီလို့ ရေးသားထားပေမဲ့ ဘယ်လိုအချက်တွေလဲဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။
“ဒီအဖွဲ့အစည်းဟာ အမေရိကန်အခွန်ထမ်းပြည်သူတွေအတွက် ထိပ်ဆုံးကနေအောက်ခြေအထိ ပုပ်ပွနေတဲ့ မဟာဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ဒီနိုင်ငံအတွက် အမျိုးသားလုံခြုံရေးအန္တရာယ်အဖြစ် ရှိနေပြီး ပြန်အဖတ်ဆယ်လို့မရနိုင်လောက်အောင် ပျက်စီးနေပါပြီ။ ဒီအဖွဲ့အစည်းအတွင်းမှာ အရည်အချင်းပြည့်ဝပြီး စိတ်ထားမှန်ကန်ပြီး ထက်မြက်ထူးချွန်တဲ့ ပြည်သူ့ထမ်းတွေရှိတဲ့ အောင်မြင်တဲ့နေရာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာလည်း ချွင်းချက်သာဖြစ်ပြီး အဖွဲ့အစည်းကြီး အတိုင်းအတာနဲ့တော့ မဟုတ်ပါဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။