ဖမ်းဆီးခံသတင်းထောက်တွေရဲ့ မိသားစုဝင်တွေ သတင်းစာရှင်းလင်း


2017.12.28
reuters-family-press-622.jpg ရိုက်တာသတင်းထောက်တွေရဲ့ မိသားစုဝင်တွေ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ အနေနဲ့ ဖမ်းဆီးခံရစဉ်က သက်သေအဖြစ် သိမ်းဆည်းခံခဲ့ရတဲ့ စာရွက်စာတမ်းတွေထဲမှာ ဘာတွေရှိမှန်း မသိဘူးလို့ ဖမ်းဆီးခံ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန် က ပြောပါတယ်။

အဲဒီစာရွက်တွေကို အဖမ်းမခံရခင် အချိန်ပိုင်းအလိုမှာ သူတို့နဲ့ချိန်းဆိုထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပေးခဲ့တာဖြစ်ပြီး ဖွင့်မကြည့်သေးဖို့လည်း ပြောခဲ့ကြောင်း ကိုဝလုံးဆီကနေ ပြန်သိရတယ်လို့ မပန်းအိမွန် က ဒီကနေ့ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အဲဒီရဲနှစ်ယောက်နဲ့ သူတို့သွားတယ်၊ ရဲနှစ်ယောက်ကို ရဲစခန်းကနေခေါ်လိုက်တယ်၊ ခေါ်ပြီးတော့ ရဲနှစ်ယောက်က ရှေ့ကနေ ဆိုင်ကယ်နဲ့သွားတယ်၊ သူတို့က ရုံးကားနဲ့ အနောက်ကနေလိုက်ပြီးတော့ စားသောက်ဆိုင်ကို ဝင်သွား တယ်၊ သူတို့အစားအသောက်မှာတဲ့အချိန်မှာပဲ ရဲနှစ်ယောက်က သူတို့လက်ထဲကို စာလိပ်နှစ်လိပ်ထည့်လိုက် တယ်၊ ကိုမိုးအောင် ဆိုမှာတစ်လိပ်၊ ကိုဝလုံးရဲ့ လက်ထဲကို တစ်လိပ်ထည့်လိုက်တယ်၊ ထည့်ပြီးတော့ ကိုဝလုံးတို့က ဖတ်ကြည့်မယ်လည်းဆိုရော ဓါတ်ပုံရိုက်ချင်ရိုက်တဲ့ဆိုတော့ ကိုဝလုံးကပြောတယ်၊ ဓါတ်ပုံရိုက်ဖို့ အဆင်မပြေဘူးတဲ့ မှောင်နေတယ်ဆိုတော့ ရိုက်ရအဆင်မပြေဘူးဆိုတော့ ဖွင့်ကြည့်မယ်လုပ်တဲ့အချိန်ကျတော့ သူတို့က ဖွင့်မကြည့်ပါနဲ့တဲ့၊ အိမ်ကိုပဲယူသွား အိမ်ရောက်မှဖွင့်ကြည့်လို့ ပြောတဲ့အတွက် ကိုဝလုံးတို့က အဲဒီစာ ထဲမှာ ဘာတွေရှိနေလဲဆိုတာကို လုံးဝမသိဘူး၊ သူတို့ပေးလိုက်တဲ့ စာလိပ်နှစ်လိပ်ကို တစ်ယောက်တစ်လိပ် ကိုင်လိုက်ပြီးတော့ ရဲနှစ်ယောက်က အဲဒီစာလိပ်နှစ်လိပ်ပေးပြီးတာနဲ့ သူတို့ကိုထားခဲ့ပြီးတော့ ထွက်သွားတယ်၊ သူတို့က အဲဒီစာလိပ်နှစ်လိပ်ယူပြီးတော့ ပိုက်ဆံရှင်းပြီးတော့ ဆိုင်အပြင်ကို ထွက်တဲ့အချိန်မှာပဲ ချက်ချင်း အနောက်ကနေ ရဲ ၇ ယောက် ၈ ယောက်လောက်က နောက်ကနေသူတို့ကိုချုပ်ပြီးတော့ ချက်ချင်းလက်ထိပ်ခတ် ပြီးတော့ ထောက်ကြန့်ရဲစခန်းကို ဖမ်းသွားတယ်တဲ့"

နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးခေါ် ကိုမိုးအောင်တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ အဝေးပြေးလမ်းမှာ ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက်  အက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

သူတို့နဲ့အတူ ရခိုင်ပြည်နယ် မြင်းလွတ်ရဲစခန်းက မြေပုံကြမ်းတစ်ခုနဲ့ အမှတ် (၈) လုံခြုံရေး တပ်ဖွဲ့ရဲ့ ကွပ်ကဲနယ်မြေ မှာရှိတဲ့ ကျေးရွာတွေ မီးလောင်ပျက်စီးတဲ့အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာ တမ်းတွေကို သိမ်းဆည်းထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်းထောက်တွေနဲ့အတူ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

အဲဒီလို ဖမ်းဆီးပြီးချိန်းမှာ သတင်းထောက် ကိုဝလုံးရဲ့ မိဘတွေနေထိုင်တဲ့အိမ်ကို ရဲတပ်ဖွဲ့က သွာရောက်ရှာဖွေခဲ့ပြီး ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်လို့ မပန်းအိမွန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။