သတင်းထောက် နှစ်ဦး လွတ်မြောက်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ရရှိဖို့ ပြည်မှာ ဆန္ဒပြ
2017.12.27

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် ရရှိဖို့အတွက် သတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ တောင်သူလယ်သမား ၁၀၀ လောက်က ပြည်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့က ပြည်လူငယ်ရိပ်မြုံစင်တာရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်သူတွေရဲ့ လက်မှတ်တွေလည်း ကောက်ယူခဲ့တယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ ဦးဆောင်အဖွ့ဲဝင် ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။
"ရန်ကုန်ကလာတဲ့ သတင်းသမားတချို့ရယ်၊ ပြည်အခြေစိုက် သတင်းသမား ၃၀ ကျော်ပေါ့၊ မြေလတ်ဒေသက သတင်းသမားတွေ အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေပါတယ်၊ တောင်သူလယ် သမားအဖွဲ့တွေပါတယ်ပေါ့၊ အားလုံးနီးပါးတော့ ၁၀၀ နီးပါးလောက် ရှိမယ်ဗျ၊ ပြည်မြို့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ရှိတဲ့ ပြည်လူငယ်ရိပ်မြုံဆိုတဲ့ စင်တာရှေ့မှာ ဗီနိုင်းတွေနဲ့ ဆန္ဒပြတယ်၊ လက်မှာသံကြိုးတွေခတ်တယ်၊ ဗီနိုင်းတွေ ကို ချိတ်တယ်၊ ဒေသခံပြည်သူတွေရဲ့ လက်မှတ်တွေကောက်တယ်၊ အဓိကကတော့ သတင်းသမားတွေ အဖမ်း ခံရတာကို ကန့်ကွက်တဲ့ ပြည်သူလူထုရဲ့လက်မှတ်တွေပေါ့၊ အဲလိုမျိုးတွေလုပ်တယ်"
အလားတူ ဆန္ဒထုတ်ဖော်ပွဲတွေကို ရန်ကုန်မြို့အပါအဝင် တစ်ခြားမြို့အသီးသီးမှာလည်း ပြုလုပ်သွားဖို့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ဦးဟာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းထောက် နှစ်ဦးဟာ ၁၅ ရက်အကြာ ဒီကနေ့မှာတော့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားပါတယ်။