သတင်းထောက် နှစ်ဦး ရုံးထုတ်မယ့်ကိစ္စ မိသားစုဝင်တွေဆီ အကြောင်းမကြားသေး


2017.12.26
reuters-reporters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Min Thein Aung/RFA

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ရမန်ယူထားတာပြည့်ပြီဖြစ်တဲ့အတွက် မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုဝင်တွေဆီကို တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ သတင်းထောက် ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန် က ဒီနေ့ ပြောပါတယ်။

ရုံးထုတ်မယ့် အကြောင်းအရာကိုလည်း တိတိကျကျသိရတာမျိုး မဟုတ်သလို မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ထုတ်မလား ဆိုတာကိုတောင် မသိရသေးဘူးလို့ ဖမ်းဆီးခံထားရတဲ့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန် က ပြောပါတယ်။

"ဘာမှမကြားဘူးအစ်ကို၊ ညီမ အစ်ကိုတို့ သတင်းဌာနတွေကနေပြီး မနက်ဖြန် ပထမဆုံး ရုံးထုတ်မယ်ဆိုပြီးတော့ သူတို့ကိုယ်တိုင် တရားဝင်ဆက်သွယ်အကြောင်းကြားတာ မရှိသေးဘူး၊ ညီမတို့ကတော့ မျှော်လင့်ချက်နဲ့ သွားစောင့်နေမှာပေါ့နော်၊ သူတို့အတွက် အသုံးအဆောင်လေးတွေနဲ့ သူတို့စားဖို့သောက်ဖို့လေးတွေ ယူသွားပြီးတော့ မင်္ဂလာဒုံတရားရုံးရှေ့မှာ မနက်ဖြန် သွားစောင့်ဖို့ အစီအစဉ်ရှိတယ်၊  အခုဟာက ထိန်းသိမ်း ခံရတဲ့အချိန်ကနေ အခုအချိန်ထိ ဘာအဆက်အသွယ်မှ မရတဲ့အခါကတော့ စိုးရိမ်ပူပန်နေတာတော့ သူတို့ စထိန်းသိမ်းခံရတဲ့အချိန်ကနေ ခုချိန်ထိပဲ၊ ဒါပေမဲ့ ညီမကတော့ ဒီနေ့မကုန်သေးဘူးဆိုတော့ ညဘက်များ ဆက်သွယ်လာမလားဆိုတဲ့ အချိန်အထိတော့ ကိုယ်ကတော့ မျှော်နေတာပေါ့နော်၊ ဒါမှမဟုတ် မနက်ဖြန် မနက်များ ဆက်မလားဆိုပြီးတော့ မျှော်လင့်နေတုန်းပဲ"

ရိုက်တာသတင်းထောက် နှစ်ဦးကို စွဲထားတဲ့ အမှုဟာ ဥပဒေအရ ထောင်ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်တဲ့ အတွက် မြို့နယ်တရားရုံးက စစ်ဆေးပိုင်ခွင့်မရှိဘဲ ခရိုင်တရားရုံးမှာ စစ်ဆေးရမှာ ဖြစ်တဲ့အတွက် မနက်ဖြန် ရုံးထုတ်ဟာ ရမန်ထပ်ယူဖို့ပဲ ဖြစ်မယ်လို့ သတင်းထောက် နှစ်ဦးအတွက် ကူညီပေးမယ့် ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

"ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ကတော့ ဒီပထမဆုံး ရုံးချိန် အမှုတင်တယ်ဆိုရင်ပေါ့ဗျာ တင်တယ်ဆိုရင် ကိုယ်စားလှယ်စာ ပါဝါတင်မှာပေါ့ သာမာန်အားဖြင့်တော့ ပထမဆုံးတင်တဲ့ ရုံးချိန်ကတော့ အမှုတင်တယ် အမှုတွဲကိုကူးတယ် အဲဒါမျိုးပဲရှိတယ်၊ ပြီးတော့ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ရုံးထုတ်တာက ရုံးတင် မှာတော့ မဟုတ်သေးဘူး ဘာဖြစ်လို့လဲဆိုတော့ အမှုက ထောင်ဒဏ် ၁၄ နှစ် ကျခံရမယ်၊ မြို့နယ် တရားရုံးက ချမှတ်လို့မရဘူး၊ ခရိုင်တရားရုံးကချမှာဆိုတော့ မြောက်ပိုင်းခရိုင်တရားရုံး အခုကတော့ ဒါကြောင့်မို့လို့ ရမန်ယူဖို့ပဲလားမသိဘူး"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရိုက်တာသတင်းဌာနက ကိုသက်ဦးမောင်မောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင် တို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး ဖမ်းဆီးချိန်ကနေ ဒီနေ့အချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသလို ဘယ်မှာဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာလည်း မသိရပါဘူး။

ဖမ်းဆီးခံထားရသူ နှစ်ဦးကို မိသားစုနဲ့ ပြန်လည်တွေ့ခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားစွဲဆိုတာဟာ သမ္မတရုံးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ ၁၇ ရက်နေ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။