အစိုးရ သက်သေ ထွက်ဆိုချက် နှေးကွေး
2018.02.28

ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သက်သေအဖြစ် တင်ပြတဲ့ ကိုကျော်ရှိန် ဆိုသူက အဲဒီသတင်းထောက် ၂ ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ကြောင်း တရားရုံးမှာ မနေ့က ထွက်ဆိုပါတယ်။
ကိုဝလုံးတို့ ၂ ဦးကတော့ သူတို့ဟာ ရဲအရာရှိ ၂ ဦးက စာရွက်စာတမ်းတွေ လာပေးတဲ့ စားသောက်ဆိုင်က ထွက်ထွက်ခြင်းဆိုသလိုမှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီအမှုမှာ သူတို့ကို မည်သည့်နေရာက ဖမ်းဆီးခဲ့တာလဲဆိုတဲ့အချက်ဟာ လက်ရှိ စွဲချက်တင်ထားတဲ့ အစိုးရလှို့ဝှက်ချက်ဥပဒေနဲ့ ကိုက်ညီခြင်းရှိ မရှိ ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
မနေ့က တရားရုံးမှာ ဖမ်းဆီးတဲ့နေရာနဲ့ ပတ်သက်ပြီး ကိုဝလုံးတို့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြန်လှန်မေးမြန်းရာမှာ လိုပြသက်သေ ကိုကျော်ရှိန်က သူ့ရဲ့လက်ဝါးမှာ ကြိုတင်ရေးသားလာတဲ့ စာတွေကိုကြည့်ပြီး ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးတဲ့နေရာဒေသကို ဖြေကြားဖို့အတွက် သူ့ကို တစ်စုံတယောက်က အခုလို လက်ဖဝါးမှာ ရေးသားခိုင်း ခဲ့တာလားဆိုပြီး ထပ်ဆင့်မေးမြန်းရာမှာတော့ မဟုတ်ပါဘူး၊ သူက သတိမေ့တတ်လို့ပါလို့ လိုပြသက်သေက ထွက်ဆိုပါတယ်။ မနေ့က စစ်ဆေးမှုမှာ တရားသူကြီးက သက်သေဖြစ်သူအနေနဲ့ မေးခွန်းတွေကို ဖြေဆိုရန် အချိန်ကြာမြင့်စွာ နှောင့်နှေးခဲ့တာကို မှတ်တမ်းတင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။