မှတ်ပုံတင်နဲ့ စာရင်းမသွင်းတဲ့ ဆင်းမ်ကတ်တွေ အပြီးပိတ်မယ်လို့ စစ်ကောင်စီကြေညာ

နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အမှန်တကယ် မှတ်ပုံတင်မထားတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းမှာဖြစ်ပြီး အဲဒီဖုန်းဆင်းမ်ကတ်ထဲမှာ ကျန်ရှိနေတဲ့ လက်ကျန်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်မနေ့မှာ ကြေညာပါတယ်။
ဘယ်နေ့မှာ ပိတ်သိမ်းမယ်ဆိုတာ ကြေညာချက်ထဲမှာ တိတိကျကျ မဖော်ပြထားပေမယ့် ဖုန်းဆင်းကတ်တွေကို အသုံးပြုတဲ့အခါ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားမှတ်ပုံတင် အမှတ်နဲ့ အချက်အလက် ဖြည့်သွင်းကြဖို့ ထည့်သွင်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံတင်ပြုလုပ်တဲ့အခါ ဖြည့်သွင်းထားတဲ့ အချက် အလက်တွေနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အီလက်ထရောနစ် မှတ်ပုံတင်စနစ်နဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
အခုလို လုပ်လာတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေသူတွေရဲ့ အချက်အလက်တွေကို လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အဖက်ဖက်က လိုက်ကြပ်နေတာဆိုတော့ စိတ်ပူတာက ထောက်ပို့အတွက် အခက် အခဲဖြစ်ကုန်မှာ စိုးရိမ်တာပဲ ရှိတာပါ။ ကိုယ်တွေအတွက်ကတော့ အရမ်းထူးခြားတာမျိုး ကြီးတော့ မဟုတ်ပါဘူး။ အလုပ်တော့ ရှုပ်တယ်။ ထောက်ပို့အတွက် ထိခိုက်မှာပဲ စိုးရိမ်မိတယ်”
ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ဆင်းမ်ကတ်ရောင်းချသူတွေ အနေနဲ့လည်း အချက်အလက်ကို မှန်ကန်စွာ ဖြည့်သွင်းကြဖို့နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ အက်တမ်အဖြစ် အနည်ပြောင်းလိုက်တဲ့ Telenor သုံးစွဲသူ ၁၈ သန်း၊ Ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ စစ်ကောင်စီပိုင် Mytel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။