ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရ

RFA Burmese
2023.12.01
ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရ ချင်းပြည်နယ် တောင်ပိုင်း ၊ ပလက်ဝမြို့ကို တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေ ကာလရှည် ဖြတ်တောက်ခံထားရတဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပလက်ဝမြို့နယ်က တရွန်အိုင် တပ်စခန်းနဲ့ နှူံးဘူး ဗျူဟာကုန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်တာတွေ ရှိလာတဲ့နောက်ပိုင်းမှာ ဖုန်းလိုင်းကိုပါ ဖြတ်တောက်ခံလိုက်ရတာလို့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ် ဖုန်းလိုင်း မရတော့တာ။ အခုက ပလက်ဝကို ပိတ်ဆို့ထားတာ ကြာနေပြီ ဆိုတော့လေ။ ဖုန်းလိုင်းမရတော့ ပလက်ဝမြို့မှာရှိတဲ့ မိဘတွေ၊ ဆွေမျိုးတွေနဲ့ စကားပြောနိုင်ဖို့ ခက်သွားပြီးပေါ့။ အင်တာနက်လည်းမရ ဖုန်းပဲ အားကိုးနေရတာ အခုမရတော့ ပိုခက်ခဲတာပေါ့”

ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေကိုတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး ဒီနေ့အထိ ဖြတ်တောက်ခံထားရတာလို့ သူကဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ချင်းပြည်နယ်က မြို့နယ်တချို့ အပါအဝင် စစ်ကိုင်းတိုင်း၊ ကလေးမြို့တို့မှာလည်း နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁ ရက် ဒီနေ့အထိ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။