မူပိုင်ခွင့် ဥပဒေ ပြန်လည်ရေးဆွဲ
2013.06.18
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ မူပိုင်ခွင့် ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ပြန်လည်ရေးဆွဲနေပြီဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ မူပိုင်ခွင့် ဥပဒေရေးဆွဲရေး ဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စာပေ၊ ဂီတ၊ အနုပညာလောကမှာ Copyright မူပိုင်ခွင့် အခွင့်အရေး ရှိတဲ့အတွက် အခုရေးဆွဲနေတဲ့ မူပိုင်ခွင့် ဥပဒေဟာ ဂီတနဲ့ စာပေ အနုပညာလောကမှာ တီထွင်ဖန်တီးတဲ့သူတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသွယ်က ပြောပါတယ်။
"ဒီ copyright ဥပဒေကတော့ တကယ်ဖန်တီးတဲ့သူတွေ၊ စာရေးသားတဲ့ စာရေးဆရာတွေ၊ သီချင်းရေးသားတဲ့သူတွေ၊ နောက်စာပေအနုပညာဆိုင်ရာ တီထွင်ဖန်တီးတဲ့သူတွေကို စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေ ပေးနိုင်မှသာလျှင် နောက်ထပ်နောက်ထပ် တီထွင်ဖန်တီးလိုတဲ့စိတ်တွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဒီအရေးယူမှုကလည်း တကယ်တန်းပြောရရင် အရေးကြီးတယ်၊ ဒါတွေကိုလည်း ပြည်သူတွေက နားလည်ထားဖို့လိုအပ်ပါတယ်၊ နောက်တစ်ခုက မိမိတီထွင်ဖန်တီးထားတဲ့ပစ္စည်းကို တီထွင်ဖန်တီးတဲ့အလျောက် အခွင့်အရေးရချင်သလိုပဲ သူများတီထွင်ဖန်တီးထားတဲ့ ပစ္စည်းအပေါ်မှာလည်း သူများကိုထိုက်တန်တဲ့ အခွင့်အရေးပေါ့၊ တနည်းအားဖြင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးကို ရရှိစေဖို့ဟာလည်း အရေးကြီးပါတယ်"
မြန်မာနိုင်ငံမှာ ၁၉၁၄ ခုနှစ်က ပြဌာန်းထားတဲ့ မူပိုင်ခွင့်ဥပဒေတွေဟာ ခေတ်မမီတော့တဲ့အတွက် လက်ရှိပြောင်းလဲနေတဲ့ လူမှုရေး စီးပွားရေး ယဉ်ကျေးမှုနဲ့ စာပေအနုပညာတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲပြင်ဆင်ရေးဆွဲသွားမယ်လို့ သိရပါတယ်။
အခုရေးဆွဲနေတဲ့ မူပိုင်ခွင့်ဥပဒေဟာ နိုင်ငံတကာဥပဒေတွေနဲ့ အညီဖြစ်အောင် ရေးဆွဲနေတာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလမှာ လွှတ်တော်ကိုတင်ပြနိုင်ဖို့ ကြိုးစားနေသလို လာမဲ့ ၂ဝ၁၄ ခုနှစ်မှာ အတည်ပြုနိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။