မုန်တိုင်းငယ်ကို မိုးဇလက အနီရောင်အဆင့် သတ်မှတ် သတိပေး


2016.10.24
storm-guess-620.jpg ၂၃-၁ဝ-၂ဝ၁၆ ရက် ညသန်းခေါင်ယံမှ ၂၄-၁၀-၂၀၁၆ ရက် ညနေ ၃ နာရီခွဲအထိ မုန်တိုင်းရွေ့လျားမှုအား ဂြိုဟ်တုတိမ်ပုံ မှ လေ့လာခြင်း
Photo: U Tun Lwin Facebook

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိအချိန်ထိ ဧရာ ဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင် ကမ်းရိုးတန်းတောင်ပိုင်းဒေသတွေနဲ့ နီးကပ်နေတဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထပ်မံသတိပေးထားပါတယ်။

ဒီကနေ့မနက် မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ အဲဒီမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး ကိုကိုးကျွန်းရဲ့ မြောက်အနောက်မြောက်ဖက် ၁၃၅ မိုင်ခန့်အကွာ၊ ရခိုင်ပြည်နယ် ဂွမြို့ရဲ့ အနောက်တောင်ဖက် မိုင် ၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အဲဒီမုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံဖက်ဆီကို ပြန်ရွှေ့နေပြီ လို့ ပြောပါတယ်။

'' ဒီမုန်တိုင်းက မနက်ကလည်း ကျွန်တော်ထုတ်ပြီး အစောကြီးကတည်းက ညလောက်ကတည်းက သူက အခု ဟိုင်းကြီးကျွန်းဖက်ကနေ မြောက်ဖက်ကို ရွှေ့တယ်၊ ခဏနေရင် သူက အနောက်မြောက်ဖက်ကို အိန္ဒိယ ကို ရွှေ့တော့မှာပဲ၊ ရွှေ့ပြီးတော့ ဒီလကုန်ရင်ပဲ အိန္ဒိယကမ်းနားကိုရောက်မယ်၊ ရောက်ရင် သူအားနည်းနည်း ပိုကောင်းပြီးတော့ အိန္ဒိယကိုပဲ ဖြတ်သန်းသွားမယ်၊ အရှေ့မြောက်ကမ်းကိုပဲ ဖြတ်သန်းသွားမယ်လို့ ခန့်မှန်း ထားပါတယ်။''

အဲဒီမုန်တိုင်းငယ်ဟာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အတော် များများမှာလည်း မုန်တိုင်းသတိပေးချက်တွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်နေ ပြီး ဒေသခံတွေဟာလည်း မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေမှာ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။