RCSS က ပင်လုံတက်မှာဖြစ် လက်မှတ်တော့မထိုးဟုပြော


2017.05.21
rcss-ssa-620.jpg ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို တက်ရောက်မှာဖြစ်ပေမယ့် ညီလာခံကရရှိတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်ရပ် အဖြစ် ချုပ်ဆိုရာမှာ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဒီကနေ့မှာ ကျရောက်တဲ့ ၅၉ နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့ အဖြစ်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

RCSS အဖွဲ့အနေနဲ့ NCA စာချုပ်အတိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွေမှာ အဆက်မပြတ်ပါဝင်ခဲ့ပေမယ့် ရှမ်းလူမျိုး လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးတဲ့အတွက် ညီလာခံမှာ တင်ပြဆွေးနွေးကြမယ့် အကြောင်းအရာတွေဟာလည်း ရှမ်းလူထုရဲ့ ဆန္ဒနဲ့ လိုလားချက်တွေ ပါဝင်နိုင်မှာမဟုတ်တာကြောင့် ဖြစ်တယ်လို့ RCSS အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က RFAကို ပြောပါတယ်။

"ခေါင်းစဉ် ၅ ခုရှိတဲ့ထဲမှာ ကျနော်တို့ ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးတာရော ပြီးတော့ လက်မှတ် ထိုးဖို့ကိုလည်း ကျနော်အဆင်သင့် မဖြစ်သေးတာကတော့ ကျနော်တို့အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ လူမျိုးအလိုက်မှာ ကျနော်တို့ ရှမ်းအနေနဲ့  လုပ်ဆောင်ခွင့် မရသေး ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ ရှမ်းပြည်အမျိုးသားတွေရဲ့ ဆန္ဒ မပါသေးဘူး၊ ဒါကြောင့်မိုလို့ အခုသူတို့ လက်မှတ် ရေးထိုးမယ်ဆိုရင်လည်း ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲနဲ့ လက်မှတ်ရေးထိုးဖို့ အနေအထားမှာ ကျနော်တို့ မလုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ လက်မှတ်ပါဝင်ရေး ထိုးမှာ မဟုတ်ဘူး။ ကျနော်တို့ဘဝတူ ရခိုင်လူမျိုးတွေအနေနဲ့လည်း မလုပ်ဆောင်ရသေးဘူး၊ ဒီအပြင် တခြားလူမျိုးစုတွေရော တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေရဆဲ အခြေအနေမှာ ဆိုရင်တော့ အခုလိုမျိုး လက်မှတ်ရေးထိုးဖို့ဆိုတာက ချက်ချင်းကြီးတော့ မလုပ်သင့်ဘူးပေါ့နော်၊ ကျနော်တို့ ပြည်သူ လူထုတွေရဲ့ သဘောထားပါမှပဲ လက်မှတ်ရေး ထိုးသင့်တယ်လို့တော့ ကျနော် တို့မြင်တယ်"

ဒီကနေ့မှာ ကျရောက်တဲ့ ၅၉ နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားကိုတော့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တန်းလျန်းမှာ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။

ရှမ်းလူမျိုးအခွင့်အရေးအတွက် စတင်လက်နက်ဆွဲကိုင် တော်လှန်လာတဲ့ နေ့တစ်နေ့ ဖြစ်သလို အမျိုးသားရေး အတွက် အသက်ပေးလှူသွားခဲ့ကြ တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ စော်ဘွားတွေကို ဂါရဝပြုတဲ့အနေနဲ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လွိုင်တန်းလျန်းမှာကျင်းပခဲ့တဲ့ ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားမှာ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က RCSS အဖွဲ့အနေနဲ့ NCA လက်မှတ်ရေးထိုး ထားတဲ့အတိုင်း NCA လမ်းကြောင်းအတိုင်း ဆက်လက်အကောင် အထည်ဖော်နေပြီး အစိုးရကလည်း RCSS အဖွဲ့ကို မတရားအသင်း ကနေ ပယ်ဖျက်ထားတဲ့ အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆက်လက်ဖြေရှင်း သွားကြမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နဲ့အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလက NCA သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။