၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှမ်းလက်နက်ကိုင်ခေါင်းဆောင်နဲ့ ပါတီတွေ ဆွေးနွေး
2013.06.14

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ မတရားအသင်း ဥပဒေတွေ ဖျက်သိမ်းဖို့ ဆိုတဲ့အချက်တွေကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေ ဖော်ဆောင်ပြီးရင်၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့လည်း ရနိုင်ပါတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က အခမ်းအနားမှာ စကားပြန်ကတဆင့် အခုလို ပြောပါတယ်။
"၂ဝဝ၈ အခြေခံဥပဒေကို မပြောင်းလဲပဲ ငြိမ်းချမ်းရေးဖော်ဆောင်မှု မရဘူးလားလို့ မဆိုလိုပါဘူး၊ ဖော်ဆောင်လို့ရပါတယ်၊ ကျနော်တို့ တစုတစည်းထဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လုပ်ဆောင်ပြီးတော့ လိုအပ်တဲ့အပိုင်း အခြေခံဥပေဒကို တဖြေးဖြေးပြုပြင်ပြောင်းလဲသွားဖို့ ဖြစ်ပါတယ်၊ နိုင်ငံအကျိုးကိုကြည့်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ကလည်း ဒီ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလားချက်ရှိပါတယ်"
ဒီအခမ်းအနားမှာ SSA က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တို့ဟာ တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်ထောင်စုကိစ္စတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ရှေ့ဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်ဦးမှာ ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို RFA အဖွဲ့သား ကိုဝင်းနိုင် ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။