NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) အဖွဲ့ ဆုံးဖြတ်
2015.10.07

NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ အနေနဲ့ လက်မှတ်ရေးထိုးဖို့ ဒီကနေ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က RCSS လွိုင်တိုင်းလျန်း ဗဟိုဌာနချူပ်မှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဗဟိုအလုပ် အမှုဆောင် ကော်မတီ ၃ဝ နီးပါးတက်ရောက်တဲ့ ဒီအစည်း အဝေးကနေ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က RFA ကို အခုလို ပြောဆိုပါတယ်။
"ဒီ NCA ကိစ္စမှာဆိုရင် အရင်တုန်းက ကျနော်တို့ကလည်း ပြောခဲ့ပြီးပြီးတာတွေလည်း ရှိပါတယ်၊ ဒီငြိမ်းချမ်းရေး ကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမယ် ဆိုတဲ့ ကတိပြုချက် တွေလည်းပေးခဲ့ပြီးပြီဆိုတဲ့အကြောင်း လည်း ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်၊ သို့ပေမယ့်လည်း ဒီ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချက်ကို တရား ဝင်ဖြစ်အောင် ကျနော်တို့ ဗဟိုကော်မတီဝင်တွေရဲ့ဆန္ဒကိုကျနော်တို့ ရယူခြင်းပဲ ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ဒီနေ့ပဲ NCA မှာ ကျနော်တို့ အတူတကွ လက်မှတ်ထိုးသွားကြမယ်ဆိုတဲ့အကြောင်း ဆုံးဖြတ်ချက်ချ ဖြစ်ပါတယ်"
NCA စာချူပ်မှာ မပါဝင်သေးတဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေအနေနဲ့လည်း အားလုံး ပါဝင်လာအောင် RCSS အဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အပါအဝင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အတူတကွ ဖြေရှင်းနိုင်ဖို့လည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ ကြတယ်လို့လည်း သိရပါတယ်။
RCSS အဖွဲ့ရဲ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေပြီး NCA လက်မှတ်ရေး ထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြေညာထုတ်ပြန်သွားမှာဖြစ်သလို မနက်ဖြန် အောက်တိုဘာ ၈ ရက်နေ့မှာလည်း သတင်းစာရှင်း လင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃ဝ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ရဲ့ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ မထိုးဘူး သဘောထား ကောက်ယူခဲ့ရာမှာ RCSS ကိုယ်စားလှယ်တွေက တစ်စုံတစ်ရာ ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမရှိဘဲ ဒီကနေ့ကျမှ အခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ဒီဇင်ဘာလ ၂ ရက် နေ့မှာ ပထမဆုံးအကြိမ် အစိုးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီးနောက် ဒုဗိုလ်ချူပ်ကြီး ယွက်စစ် ခေါင်းဆောင်တဲ့ SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချူပ်မှာ ၂ဝ၁၂ ခုနှစ် မေလ ၁၉ ရက်နေ့မှာ မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက် အပါအဝင် အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ အတိုင်ပင်ခံ ဦးခွန်ဆိုင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။