RCSS နဲ့ ရွာသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသား ၅ ဦး သေဆုံး
2018.12.12

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးကျေးရွာမှာ RCSS နဲ့ ရွာသားတွေအကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် နမ်းဟူးရွာသူကြီးအပါအဝင် ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်လောက်မှာ တောင်နောက်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်မိရပ်ဖ လေးဦးက ကျေးရွာ ရေ ရရှိရေးအတွက် ရေထွက်တဲ့နေရာကို သွားရောက်ကြည့်ရှုပြီး ပြန်အလာမှာ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေနောက်ကို နမ်းဟူးရွာသူကြီးအပါအဝင် ရွာသားတွေက လိုက်လံခေါ်ဆောင်ရာမှာ လက်နက်ကိုင်အဖွဲ့နဲ့ ရွာသားတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံး ဒဏ်ရာ ရခဲ့ကြတယ်လို့ ဒဏ်ရရာသူတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံရွာသားတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင် ၉ ဦးလောက်က ရွာအတွင်း လှုပ်ရှားသွားလာစဉ်မှာ ရွာအတွင်းက လူအယောက် ၂၀ လောက်က တုတ်၊ ဓားတွေနဲ့ ဝိုင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ခုခံတဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ အခုလို ရွာသားတွေ သေဆုံးခဲ့တဲ့ အပေါ် စိတ်မကောင်းဖြစ်ရကြောင်း RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦး က RFA ကိုပြောပါတယ်။
RCSS တပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်းနဲ့ ဒီပြဿနာကို ကြီးထွားမသွားအောင် နှစ်ဘက် ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
RCSS တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တဲ့သူတွေကို ဒီဇင်ဘာလ ၁၃ ရက်နေ့ သဂြိုဟ်မှာဖြစ်ပြီး သေနတ်ထိမှန် ဒဏ်ရာရခဲ့တဲ့ ရွာသား ၃ ဦးထဲက ၂ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် တောင်ကြီး ဆေးရုံးကို ပို့ပြီး ဆေးကုသမှု ခံယူနေရသလို ၁ ဦးကတော့ လွိုင်လင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာဖြစ်ပါတယ်။