ကလေးစစ်သား ပြန်လွှတ်ရေး စစ်တပ်က ငွေလေးသောင်းတောင်းဆို

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီးနောက် စစ်တပ်ကနေ ထွက်ပြေးလာတဲ့ကလေးတဦးကို တပ်ပြေးအဖြစ်နဲ့ ပြန်ဖမ်းထား ပြီး ငွေလေးသောင်း ပေးမှ လွှတ်မယ်လို့ စစ်တပ် က ပြောဆိုနေကြောင်း သိရပါတယ်။

2010.09.29
soldier_guard_cropped_305_Z.jpg နအဖစစ်အစိုးရ၏ စစ်တပ်မှ အစောင့်တာဝန်ကျနေသော တပ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
တပ်ပြေးအဖြစ်နဲ့ ဇူလိုင်လအတွင်းက ဖမ်းဆီးထားတဲ့ ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့ လယ်ဘော်ရပ်ကွက်နေ ဦးသန်းမြင့် ဒေါ်ထွန်းမေတို့ရဲ့သား မောင်အောင်ဇော်မိုးကို အိမ်မဲမြို့က ခလရ ၆၃ က စစ်တပ်ထဲမှာ ချုပ်နှောင်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့ က မိခင်ဖြစ်သူ သွားရောက် တွေ့ဆုံခဲ့ရာမှာ ငွေလေးသောင်းပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီး တပ်ကြပ်ကြီး တဦးက ပြောဆိုလိုက်တယ်လို့ အောင်ဇော်မိုးရဲ့ ဦးလေး ဖြစ်သူက RFA ကို ပြောပါတယ်။

“တနင်္လာနေ့ကပေါ့နော် အမေနဲ့ အစ်မနဲ့ သွားပြီးတော့ တွေ့ကြတာဗျ၊ တွေ့ကြတဲ့အခါကျတော့ ကျနော်တို့ ခမရ ၅၃၈ တပ်ရင်းမှူးကို လေးသောင်းပေးမှ လွှတ်ပေးမယ်ဆိုပြီးတော့ ခလရ ၆၃ တပ်ကြပ်ကြီး အောင်သူကနေ ပြောလိုက်တာဗျ၊ ပြောလိုက်တော့ မိဘတွေက ဖအေလုပ်တဲ့လူက ဆိုက်ကားနင်းရတယ်ဗျား၊ မအေ လုပ်တဲ့သူက နို့အေးချောင်း ရောင်းတယ်ဗျား၊ အခု နို့အေးချောင်းလည်း ရောင်းလို့မကောင်းဘူး၊ ဆိုက်ကားတွေကျတော့လည်း ဆွဲရတာ သူတို့ အုံနာကြေးတောင်မှ မှန်အောင် မပေးနိုင်ကြဘူး၊ အဲလိုအခြေအနေမျိုးနဲ့ ဆင်းရဲနေတဲ့ မိဘ နှစ်ပါးက ကိုယ့်သားသမီး လွတ်ဖို့အတွက်ကို သူတို့ ငွေပေးမှ လွှတ်မယ်ဆိုတော့ အဲဒီ လေးသောင်းကို ဘယ်လိုမှ မပေးနိုင်ဘူးလေ။”

မောင်အောင်ဇော်မိုးဟာ ၂၀ဝ၈ ခုနှစ် ဧပြီလ နွေရာသီ ကျောင်းပိတ်ရက်အတွင်းမှာ ခလရ ၆၃ က တပ်ကြပ်တဦးကနေ စည်းရုံးခေါ်ဆောင်သွားပြီး ပုသိမ်မြို့မှာရှိတဲ့ စစ်လေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၁၄ နှစ်ကျော်အရွယ် ဖြစ်ပါတယ်။

စစ်သင်တန်းတက်ပြီးနောက် မောင်အောင်ဇော်မိုးကို ရခိုင်ပြည်နယ် ရသေ့တောင်မှာ အခြေစိုက်တဲ့ ခမရ ၅၃၈ တပ်ရင်းမှာ တာဝန်ပေးပါတယ်။

၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ကရင်ပြည်နယ်စစ်ဆင်ရေးကအပြန် သူရဲ့ တပ်ရင်းကို မပြန်တော့ပဲ မိဘတွေ အိမ်ကို ပြန်လာရာမှာ အိမ်မဲမြို့နယ် ရဲစခန်းကနေ တပ်ပြေးမှုနဲ့ လာဖမ်းသွားတာ ဖြစ်ပါတယ်။

မောင်အောင်ဇော်မိုး ပြန်လည် လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ရုံးကို ပြီးခဲ့တဲ့ ဩဂုတ်လက တိုင်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။