ရန်ကုန် လှည်းတန်းမှာ ဗုံးပေါက်ကွဲ တစ်ဦး သေဆုံး

ရန်ကုန်မြို့ လူစည်ကားရာ ကမာရွတ် လှည်းတန်း အနီးမှာ ဒီကနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်လောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အာရ်အက်ဖ်အေက စုံစမ်း သိရှိရပါတယ်။

2011.12.21
rangoon-bomb-b305 ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲပြီး တစ်ဦး သေဆုံးခဲ့သော ရန်ကုန်မြို့ လူစည်ကားရာ ကမာရွတ် လှည်းတန်း အနီးတွင် စောင့်ကြပ်နေသော လုံခြုံရေးနှင့် လာရောက် ကြည့်ရှု့သူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)
RFA

လှည်းတန်း မီးပွိုင့်ထောင့် ဓာတ်ဆီဆိုင်ဟောင်းနားမှာ ပေါက်တာ ဖြစ်ကြောင်း၊ မိန်းကလေး တစ်ယောက် သေဆုံးသွားပြီး တစ်ယောက်ကိုတော့ ဆေးရုံ ပို့လိုက်ရကြောင်း၊ နောက်ထပ် ဗုံးတစ်လုံး ရှာတွေ့ကြောင်း အနီးမှာ နေထိုင်သူ ဒေသခံတစ်ဦးက ပြောပြပါတယ်။

နောက်ထပ်တွေ့တဲ့ ဗုံးကို တာဝန်ရှိသူတွေက ရှင်းလင်းလိုက်ပြီး အနီး တစ်ဝိုက် လူအသွားအလာ ပိတ်ခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူ နှစ်ဦးလုံးဟာ အမျိုးသမီးငယ်များ ဖြစ်ပြီး အသက်အရွယ်ကို အတိအကျ မသိရသေးပါ။ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနကို မေးမြန်းရာမှာတော့ ဆေးဝန်ထမ်း တစ်ဦးက သေဆုံးသူ အလောင်းနဲ့ ဒဏ်ရာရသူ ရောက်လာကြောင်း အတည်ပြု ပြောဆိုပါတယ်။

လှည်းတန်းမီးပွိုင့် ဈေးဆိုင်တန်းက ဆိုင်ရှင် တစ်ဦး ကတော့ ပေါက်ကွဲသံ တော်တော် ကျယ်ကျယ် ကြားရပြီး ပြင်းထန်တဲ့ ဗုံးဖြစ်မယ်လို့ ထင်ကြောင်း ပြောပြပါတယ်။ အမျိုးသမီး အိမ်သာ အနီးမှာ ပေါက်ကွဲတာလို့ ယူဆကြောင်း နောက်ထပ် လှည်းတန်း ဒေသခံ တစ်ဦးကလည်း ပြောဆိုပါတယ်။

အခင်း ဖြစ်ပွားပြီးနောက် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလိုက်ပြီး ပြည်လမ်းဘက် ကွေ့တဲ့လမ်းကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်ကလာတဲ့ AP သတင်းမှာ ဒီဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အိမ်သာ အသုံးပြုနေတဲ့ တခြား အမျိုးသမီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ တစ်ဦးက ဒဏ်ရာ ပြင်းထန်ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။