ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေ မဲပေးမှုတိုင်တန်းချက် ခုံရုံးဖွဲ့ စစ်ဆေး


2016.01.09
whitecard-collect-620.jpg White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဧပြီလ ၁ ရက်နေ့က စတင်သိမ်းဆည်းနေစဉ်
Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့  ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ နိုင်ငံသားမဖြစ်သေးတဲ့ ဝှိုက်ကဒ် ကိုင် ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုတာကို မြို့နယ်၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က မနေ့ကစတင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အခုလို စစ်ဆေးနေတာလို့ သံတွဲခရိုင်ရွေး ကောက် ပွဲကော်မရှင် ဥက္ကဌ ဦးခင်ရွှေက ပြောပါတယ်။

"၈ ရက်နေ့ကစပြီး စစ်ဆေးနေတယ်ပေါ့၊ ကျနော်တို့ စာရင်းဇယား အဓိကပြုစုတာလည်း ရပ်/ကျေး ကော်မရှင် ပါမယ် နောက်ပြီးတော့ အဲ့ဒီမှာ ကျေးရွာရပ်ကွက် ခွန်းထောက်အဖွဲ့တွေပါမယ်၊ နောက်ပြီးတော့ နိုင်ငံသား စိစစ်ရေးကဒ် စိစစ်ရေးကော်မတီဆိုတာရှိတယ်၊ ၅ ဦးကော်မတီရှိတယ် အဲ့ဒါတွေက အဓိကထားစစ်တယ်ပေါ့၊ လိုအပ်ရင် တစ်ဦးချင်း စစ်ရင်လည်းစစ်မယ်ပေါ့၊ လိုအပ်ချက်အပေါ်လိုက်ပြီးတော့ သူတို့ထွက်ဆိုချက်ကို ကြည့်ပြီးတော့ လိုက်စစ်ရမှာကို၊ ဒါပြီးရင်တော့ မြို့နယ်ကော်မရှင်က တာဝန်ရှိတဲ့ တစ်ယောက် နှစ်ယောက်လောက်က ခေါ်စစ်မှာပေါ့၊ ဒီလူတွေဟာ ဝှိုက်ကဒ်တွေ ကိုင်ဆောင်တဲ့လူ ဟုတ်၊ မဟုတ်ပေါ့၊ ဖြစ်နိုင်ချေ ရှိ၊ မရှိပေါ့၊ အဲ့ဒါကိုတော့ သူတို့အဓိကမေးပြီးတော့ စစ်တာပေါ့"

ရွေးကောက်ပွဲမှာ ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုပြီး သံတွဲမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ဒေသခံ ၂ဝဝဝ လောက် ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ဒီကိစ္စအပေါ် အရေးယူဆောင်ရွက်ပေးဖို့ လူပေါင်း ၆ ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီဇင်ဘာလ ၂ဝ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတောင်းဆိုခဲ့ကြတာပါ။

စာရေးသားပေးပို့ရာမှာ ဦးဆောင်ခဲ့သူ ၂ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မနေ့က ပထမဆုံး ခေါ်ယူ စစ်ဆေးခဲ့သလို ဒီနေ့မှာတော့ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေကို ဆက်လက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ဆေးရာမှာ ပြင်ယောင်း၊ သဗြုချိုင်၊ လင်းသီ၊ ပေါက်တော စတဲ့ မွတ်ဆလင်တွေ အဓိကနေထိုင်တဲ့ ကျေးရွာပေါင်း ၁၉ ရွာက တာဝန်ရှိသူတွေကို စစ်ဆေးတာလို့လည်း သိရပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူပေါင်း ၁ သောင်းကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။ သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမှုရလဒ်တွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံစာတင်သွင်းရမှာဖြစ်တယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။