သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းဖို့ အဆို ရခိုင်လွှတ်တော်မှာ ဆွေးနွေးမည်
2016.12.13

Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းတဲ့ သဘာဝသစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းဖို့ ပြည်နယ်အစိုးရ ထံ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဆိုတင်သွင်းသူ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး က ရခိုင်ပြည်နယ်မှာ သစ်တောတွေ အဆမတန်ပြုန်းတီးနေတွေဟာ တရားမဝင် သစ်ခိုထုတ်တာတွေကြောင့်ဖြစ်တယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"အမ်းမြို့နယ်သည် သစ်တောများအလွန်နည်းပါးသော ဒေသတစ်ခုဖြစ်ပါသည်၊ သက်ဆိုင်ရာဌာနများက လည်း တာဝန်မရှိတာလား၊ ညှိပြီးလုပ်ကြတာလားတော့မသိပါ၊ သစ်တောများပြုန်းတီးတဲ့ အတွက်ကြောင့် ကောင်းကျိုးမရှိ ဆိုးကျိုးသာရှိပါသည်"
ရခိုင်ပြည်နယ်မှာ ဒီရေတောတွေအပါအဝင် သဘာဝသစ်တောတွေဟာ စည်းမဲ့ကမ်းမဲ့ သစ်ထုတ်ယူမှု၊ စိုက်ပျိုးမြေ ချဲ့ထွင်မှု၊ ထင်းခုတ်ယူမှု၊ တရားမဝင်သစ်ခိုးထုတ်ပြီး နိုင်ငံခြားကိုတင်ပို့မှုနဲ့ ပုစွန်ကန်ဖော်ထုတ်မှုတွေကြောင့် အလျင်အမြန်ကွယ်ပျောက်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် သစ်ခိုးထုတ်ရာမှာပါဝင်သူအားလုံးကို တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့လို အပ်သလို နိုင်ငံခြားကို တရားမဝင် သစ်တင်ပို့တာတွေကိုထိရောက်စွာ အရေးယူဖို့လိုအပ်တယ်လို့လည်း တင်ပြခဲ့ပါတယ်။
ဒါ့အပြင် သစ်ပင်၊ သစ်တောအစားထိုးစိုက်ပျိုးတာတွေနဲ့ တရားမဝင် Chain Saw လို့ခေါ်တဲ့ စက်လွှကိုင်ဆောင် အသုံးပြုသူတွေကို အရေးယူဖို့လိုအပ်တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ဆက်လက်ဆွေးနွေးဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။