"အဖရခိုင်ပါတီ" အမည်ပြောင်းမယ်လို့ ဒေါက်တာအေးမောင် ပြော


2018.09.14
dr-ayemaung-sittwe-court-622.jpg ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ ANP က ခွဲထွက်ပြီး "အဖရခိုင်ပါတီ" ကိုတည်ထောင်ဖို့အတွက် သူကိုယ်တိုင် ဦးဆောင် ကြိုးပမ်းခဲ့တာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က လက်မခံတာကြောင့် တခြားအမည်နဲ့ ပါတီထောင်ဖို့ ညှိနှိုင်းနေကြောင်း ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ စစ်တွေခရိုင်တရားရုံးကအပြန်မှာ ဒေါက်တာအေးမောင်က သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ် ပါတယ်။

"အဖရခိုင်ပါတီသည် ကျနော် တည်ထောင်တဲ့ပါတီ။ သို့သော် နာမည်ပြောင်းခိုင်းတဲ့အခါမှာ ကျနော်တို့ ညှိနှိုင်းနေကြပါတယ်၊ ကျနော်တို့ မိတ်ဆွေတွေ။ ရခိုင့်ဦးဆောင်ပါတီဖြစ်မလား၊ ရခိုင့်ရှေ့ဆောင်ပါတီဖြစ်မလား အဲဒီပါတီရဲ့တည်ထောင်သူတွေထဲမှာ ကျနော့်သား တင်မောင်ဝင်း ပါတယ်။ ကျနော် ထည့်ထားတယ်"

ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အဖရခိုင်ပါတီဆိုတဲ့အမည်ကို လက်မခံနိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်ဟာ သူ့ရဲ့ဇာတိဖြစ်တဲ့အတွက် သားဖြစ်သူ ဦးတင်မောင်ဝင်းကို လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခိုင်းထားပြီး မဲမနိုင်ခဲ့ဘူးဆိုရင် နိုင်ငံရေးလောကထဲကနေ ထွက်ခွာသွားမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေ မှုတွေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဆုံးဖြတ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ပြင်ဆင်မှုတင်သွင်းသွားမယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။