ရခိုင်မှာ မုန်တိုင်းကြောင့် မပြုပြင်ရသေးတဲ့ကျောင်းတွေ စစ်ကောင်စီပြန်ဖွင့်

RFA Burmese
2023.06.01
ရခိုင်မှာ မုန်တိုင်းကြောင့် မပြုပြင်ရသေးတဲ့ကျောင်းတွေ စစ်ကောင်စီပြန်ဖွင့် စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်မပြင်နိုင်သေးပေမယ့် စစ်ကောင်စီက ဇွန်လ ၁ ရက် ဒီနေ့မှာ ပြန်ဖွင့်လိုက် ပါတယ်။

ဒါပေမဲ့ စစ်တွေမြို့ပေါ်က ကျောင်းတချို့အပါအဝင် မြို့နယ်တွင်းက စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ကျောင်းတက်ဖို့ လာရောက်ကြပေ မယ့် အမိုးအကာတွေ မပြုပြင်ရသေးတာကြောင့် စာသင်မယ့်နေရာ မရှိကြသေးပါဘူး။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အပြင်းအထန် ကြုံခဲ့ရတဲ့ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေမှာလည်း ဒီနေ့ကျောင်းဖွင့်ပေမယ့် စာသင် ကျောင်းတွေ ပြုပြင်လို့ မပြီးကြသေးတာကြောင့် စာသင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိပြီး အဲဒီအထဲက မုန်တိုင်းကြောင့် ၁၃၃၇ ကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်မှာ ဇွန်လ ၁ ရက် ဒီနေ့မှာ ကျောင်းပေါင်း ၂၄၁၀ ကျောင်းကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျန်တဲ့ကျောင်းတွေကို တော့ ဇွန်လ တတိယပတ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ မေလ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ပြောပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းတွေ အတွက် ပြုပြင်ရတဲ့ပမာဏဟာ ကြီးမားပေမယ့် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။