ဝန်ကြီး ဦးကျော်အေးသိန်း ကို စစ်ဆေးချက် အစီရင်ခံစာ လွှတ်တော်ဥက္ကဋ္ဌထံပို့


2018.05.30
kyawayethein-rakhine-minister-622.jpg ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲဖို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ထံ ဒီနေ့ ပေးပို့လိုက်ပါတယ်။

သက်သေထွက်ဆိုချက်တွေအားလုံးကို ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း ရှေ့မှောက်မှာပဲ ရယူခဲ့တာလို့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

"ပြင်ပကလူလည်းပါပါတယ်၊ ကုမ္ပဏီလုပ်ငန်းရှင်တွေလည်းပါတယ်၊ သက်သေတွေက ကွယ်ရာမှာ တဖက်သတ်ထွက်ဆိုခြင်းမရှိအောင် ဝန်ကြီးရှေ့မှာပဲ ကျနော်တို့က ထွက်ဆိုခိုင်းတာ၊ သက်သေအားလုံးဟာ ဝန်ကြီးအရှေ့မှာပဲထွက်ဆိုပါတယ်၊ အပြန်အလှန်မေးခွန်းမေးလို့ရအောင် ဝန်ကြီးကိုလည်း အပြန်အလှန်မေးခိုင်းပါတယ်"

အဲဒီအစီရင်ခံစာကို မကြာခင်ကျင်းပမယ့် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှု ရလဒ်တွေနဲ့ပတ်သက်ပြီး ကြိုတင်ထုတ်ဖော်ပြောဆိုလို့မရဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရ အပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင်မထမ်းဆောင်လို့ဆိုပြီး တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လွှတ်တော် ဥက္ကဋ္ဌထံ တိုင်ကြားထားတာပါ။

အဲဒီတိုင်ကြားချက်အပေါ်မှာ ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဒီလဆန်းပိုင်းက စတင် စစ်ဆေးခဲ့တာ ဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ဒီနေ့ လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့လိုက်တာဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်းရှင်တွေအပါအဝင် လူ ၁၇ ဦးကို စစ်ဆေးခဲ့ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တောမြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းတွေကိုပါ သွားရောက်စစ်ဆေးခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။