ရခိုင်ပြည်နယ် အစိုးရဝန်ကြီးအမှု ပြည်နယ်လွှတ်တော် စုံစမ်းဆဲ


2018.05.11
kyawayethein-622.jpeg ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို ရာထူးကနေ ရပ်စဲဖို့ တိုင်ကြားထားတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း ကိုယ်တိုင် လာမယ့် မေလ ၁၆ ရက်နေ့မှာ လွှတ်တော်ရုံးကို လာရောက်ထုချေဖို့ရှိတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ကပြောပါတယ်။

"ကျနော်တို့ အခုကလေ ပြန်ဖွဲ့ပြီးတော့ စစ်ဆေးနေတဲ့အချိန်ပါ၊ ၄ ရက်နေ့က ကျနော်တို့ ဝန်ကြီးကို စွဲချက်တွေ ဖတ်ပြပြီးတော့ ဝန်ကြီးအနေနဲ့ ထုချေမလား၊ ရှေ့နေတွေ၊ ကိုယ်စားလှယ်တွေနဲ့ ထုချေမလားဆိုတော့ ဝန်ကြီးက သူကိုယ်တိုင် ထုချေမယ်လို့ပြောပါတယ်၊ အဲဒါနဲ့ ကျနော်တို့ ရက်ချိန်ပေးလိုက်တာပေါ့၊ ရက်ချိန်းပေးပြီးတော့ အခုသက်သေတွေနဲ့ ကွင်းဆင်းပြီးတော့ စစ်နေတာပေါ့၊ မြို့နယ်တွေမှာ တင်ဒါကိစ္စတွေ၊ ချောင်းဂရန်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နောက် ဈေးကိစ္စပေါ့၊ အဲဒါနဲ့ပတ်သက်တဲ့ မြို့နယ်တွေပေါ့"

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရ အပ်နှင်းထားတဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက် တာ၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ခွင့်ပြုရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မှုမရှိတာတွေကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုပြီး တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့က ပြည်နယ်လွှတ်တော်ဥက္ကဌထံ တိုင်ကြားထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်နယ်လွှတ်တော် ဥက္ကဌက ပြီးခဲ့တဲ့ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ပြည်နယ်ဝန်ကြီးကို စွပ်စွဲထားတဲ့အချက်တွေမှာပါဝင်တဲ့ လုပ်ငန်းတင်ဒါကိစ္စ၊ လွှတ်တော်က သဘောတူမှုမရှိထားတဲ့ အထပ်မြင့်ဈေး ၅ ခုကိစ္စနဲ့ ဧပြီလ ၉ ရက်နေ့က ပြည်နယ်လွှတ်တော် က ဖြတ်တောက်ခဲ့တဲ့ ဘဏ္ဍာငွေ ၆ ဘီလီယံကျော်မှာ ပါဝင်တဲ့လုပ်ငန်းကိစ္စတွေကို မြို့နယ်အလိုက် ကွင်းဆင်း စစ်ဆေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

တွေ့ရှိချက်အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ဥက္ကဌထံ တင်ပြရမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာစုံစမ်းစစ်ဆေးနေဆဲကာလဖြစ်တာကြောင့် ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းအပေါ် စွပ် စွဲပြစ်တင်မှုတွေနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိ မရှိဆိုတာကို မပြောနိုင်သေးဘူးလို့လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။