ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြေညာချက် ထုတ်ပြန်


2016.07.04
rakhine-government-office-620.jpg ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဒေသခံတိုင်းရင်းသားများ" ဆိုတဲ့အသုံးအနှုန်းကို သုံးစွဲမှာမဟုတ်တော့ဘဲ "ရခိုင်လူမျိုး" လို့သာ သုံးစွဲမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ လိုလားချက်အတိုင်းသာ သုံးစွဲမှာဖြစ်တဲ့အကြောင်း နဲ့ "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာ ကိုးကွယ်သူများ"ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကြေ ညာချက်မှာ မပါရှိပေမယ့် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်သွား မှာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီဥက္ကဌ ဦးမင်းအောင် က ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကတော့ ပြည်ထောင်စုအစိုးရ ပြန်ကြားရေး ကထုတ်ပြန်တဲ့ ရခိုင်ပြည်တွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာကိုးကွယ်သော တိုင်းရင်းသားများ ဆိုတဲ့ စကားလုံးတစ်ခု သုံးခဲ့တာရှိတယ်လေ၊ အဲ့အပေါ်မှာ ကျနော်တို့က ရခိုင်တိုင်းရင်းသားက ရခိုင်တိုင်းရင်းသားပဲဖြစ်တယ်၊ ရခိုင်ပြည် တွင်းမှာ ရခိုင်တိုင်းရင်းသား ဆိုတဲ့အသုံးကို သုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပါ၊ အစိုးရဆိုတာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပဲ လိုလားချက်အတိုင်းပဲ ဖြစ်မယ်ဆိုတဲ့အပိုဒ်ကတော့ အဲ့မှာပါတယ်လေ၊ အဲ့ဒါကတော့ ပြောစရာ မလိုတော့ပါဘူး၊ အဲ့ဒါကတော့ ပြည်သူတွေရဲ့ လိုလားချက်အတိုင်း ဖြစ်သွားမှာပေါ့၊ အဲ့ဒါကတော့ ကြေညာချက် ထဲမှာ ထည့်ဖို့မလိုတော့ဘူးလို့ထင်တယ်"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန က " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ"၊ " ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ ညွှန်ကြားခဲ့တဲ့အပေါ်မှာ ပြန်လည်ထုတ်ပြန် တာဖြစ်ပါတယ်။

အစိုးရရဲ့ အဲ့ဒီအသုံးအနှုန်းသစ်တွေကို ကန့်ကွက်ကြောင်း ANP ပါတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သဘောထားကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြသလို မနေ့ကလည်း ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ သံဃာတော်တွေနဲ့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။