ရွေးကောက်ပွဲပြန်ကျင်းပဖို့ တပ်မတော်ဘက်က လုံခြုံရေးအာမခံချက်ပေးမထားဘူးလို့ သမ္မတရုံး ပြော
2021.01.08

ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တပ်မတော်ဘက်က တောင်းဆိုနေပေမယ့် လုံခြုံရေးဆိုင်ရာ အာမခံချက်တော့ ပေးထားတာမရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
လတ်တလော တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ထားကြတယ် ဆိုပေမယ့် ဒါတွေဟာ နှစ်ဘက်ကြား နားလည်မှုနဲ့သာ ရပ်ထားတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ပါဝင်မယ့် လွှတ်တော်အစည်းအဝေးတွေ ပြန်စတော့မှာ ဖြစ်တာကြောင့် ဒီကာလမတိုင်ခင် အမြန်ဆုံး ရွေးကောက်ပွဲ ကျင်းပပေးဖို့ တပ်မတော်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ရမယ့် ကိစ္စတွေ အများအပြား ရှိသလို၊ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေကိုလည်း မဲဆွယ်နိုင်ဖို့အချိန်ကာလ ပေးရမှာမို့ တပ်မတော်က တောင်းဆိုထားသလို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပဖို့ မဖြစ်နိုင်မယ့်သဘော ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေ မဲပေးနိုင်ရေး ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသလို ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေ မျှမျှတတ ရှိဖို့လိုတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။