ရခိုင်ဒေသ တိုက်ပွဲတွေ ရပ်တန့်ရေး ကျောက်တော်ဒေသ ခံတွေ တောင်းဆို


2016.01.02
rakhine-war-protest-620.jpg တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ ဇန်နဝါရီလ ၂ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆုတောင်းပွဲပြုလုပ်စဉ်
Photo: RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေး ဖို့ ကျောက်တော်ဒေသခံ သံဃာတော်တွေနဲ့ ဒေသခံ ၁ဝဝ ကျော်က ဒီနေ့ ကျောက်တော်တောင်ဘုရား မှာ ဆုတောင်းပွဲတစ်ရပ်ပြုလုပ်ပြီး တောင်းဆိုကြပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဒီနေ့ ဆုတောင်းပွဲမှာပါဝင်ခဲ့တဲ့ ကျောက်တော် မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"စစ်ပွဲတစ်ပွဲဖြစ်တယ်ဆိုမှတော့ နိုင်ငံမှာရှိတဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးတယ်၊ ငွေကြေးတွေ ဆုံးရှုံးတယ်၊ ခရီးသွားလာရေးတွေ ခက်ခဲတယ်၊ အစစအရာရာပေါ့ စစ်ရဲ့အနိဌာရုံဆိုတာကတော့ ကမ္ဘာကြီး မှာ ကြောက်စရာအကောင်းဆုံးပဲ၊ အဲ့ဒါကြောင့် စစ်ရဲ့အနိဌာရုံကို ကျနော်တို့ အလိုမရှိဘူး၊ ငြိမ်းချမ်းရေး စားပွဲပေါ်မှာပဲ ဆွေးနွေးကြပါ၊ လက်နက်နဲ့ မဖြေရှင်းကြနဲ့၊ အဲ့လိုမျိုးလေးတွေပေါ့၊ စစ်ပွဲမှာ တစ်ခါ တစ်ခါ ပေါ်တာဆွဲတာတို့ အဲ့လိုမျိုးလေးတွေရှိနိုင်တယ်၊ ပြီးရင် စစ်ဖြစ်တာကြောင့် စိုးရိမ်ပူပန် မှုလေးတွေနဲ့ ကျေးရွာတွေက ကျီးလန့်စာစာ ကြောက်လန့်မှုလေးတွေ များလာကြတယ်၊ အဲ့ဒါနဲ့ ကျနော်တို့က ဒီလိုမျိုးလုပ်ဖြစ်ကြတာပေါ့"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အရှေ့ဘက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေက စတင်ကာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ တိုက်ပွဲအတွက် အစိုးရတပ်မတော်ဘက်က ပေါ်တာဆွဲတာတွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦး မြို့နယ်အတွင်းက ဒေသခံအမျိုးသားအတော်များများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ AA ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။